ဒိန်းမတ်နိုင်ငံအလုပ်သမားသမဂ္ဂများ၏ ဥပဒေအရ အလုပ်ပြုတ်နေသော အဖွဲ့ဝင်တဦးသည် အလုပ်ပြုတ်သည့်ရက်မှ ကိုးလအတွင်း မိမိနှစ်သက်ရာ သင်တန်းများကို ရက်သတ္တပတ်ခြောက်ပတ် တက်ခွင့်ရှိပါသည်။ သင်တန်းတက်စဉ်ကုန်ကျမည့် သင်တန်းစားရိတ်၊ ခရီးစားရိတ်များကို သမဂ္ဂမှ ကျခံပေးမည် ဖြစ်သည်။
သို့နှင့် မိမိလည်း လုပ်ငန်းခွင်သုံးဝန်ချီစက်မောင်း သင်တန်းတခုကို တက်ရောက်ခဲ့ပါသည်။ သင်တန်းကျောင်း၏ အမည်မှာ AMU Vest ဖြစ်၍ ယင်း၏ ၀က်ဘ်ဆိုဒ်မှာ http://www.amu-vest.dk ဖြစ်ပါသည်။ (၇) ရက် တက်ရသည့် ထိုသင်တန်းတွင် သင်တန်းသား (၂၀) ပါဝင်ပြီး ၀န်ချီစက်အမျိုးမျိုးမောင်းနှင်ခြင်းကို စာတွေ့ လက်တွေ့ သင်ပေးပါသည်။ သင်တန်းတက်ရောက်သူအများစုမှာ ဒိန်းမတ်လူမျိုးများဖြစ်ကြပြီး နိုင်ငံခြားသားဖြစ်သူ (၂) ဦး (မိမိနှင့် ဘော့စနီးယားမှ ခိုလှုံလာသူတဦး) ပါဝင်ပြီး အမျိုးသမီး သင်တန်းသူတဦးလည်း ပါသည်။ အများစုမှာ လူငယ်များ ဖြစ်ကြပြီး အာဖဂန်စစ်ပြန် စစ်သားသုံးဦးလည်း လာရောက်သင်ကြားသည်ကို တွေ့ရပြီး သူတို့ကို `မင်းတို့ကို လေးစားပါတယ်` ဟု သင်တန်းအစနေ့ အချင်းချင်းမိတ်ဆက်ကြစဉ်အတွင်း သင်တန်းဆရာက ပြောပါသည်။
သင်တန်းကာလအတွင်း စာတွေ့လက်တွေ့ သင်ကြားပေးရာ လက်တွေ့သင်ခန်းစာများတွင် အခက်အခဲ မရှိသော်လည်း စာတွေ့သင်ရာတွင် မိမိနှင့် ဘော့စနီးယားမှ လာသူတဦးမှာ ဆရာရှင်းပြသည်များကို အကုန်အစင် နားမလည်ကြပါ။ ဆရာမှာ အသင်အပြကောင်းသော်လည်း ဘာသာစကားကြောင့် မိမိတို့မှာ အခက်အခဲ ဖြစ်ကြရပါသည်။
သင်တန်းနောက်ဆုံးနေ့ မနက်ပိုင်း စာတွေ့မေးခွန်းများ ဖြေရပြီး၊ လက်တွေ့ မောင်းပြရပါသည်။ လက်တွေ့မောင်းရာတွင် သင်တန်းသားအားလုံး အောင်မြင်သော်လည်း စာတွေ့တွင် အခြားနိုင်ငံမှာလာသူ မိမိတို့ (၂) ဦးနှင့် ဒိန်းမတ် (၂) ဦး မအောင်ပါ။ မိမိနှင့် ဒိန်းမတ် (၂) ဦးသည် နောက်တနေ့တွင် စာတွေ့ ဒုတိယအကြိမ် ပြန်ဖြေရမည်ဖြစ်သော်လည်း ဘော့စနီးယားမှ လာသူ (ဒိန်းမတ်ရောက်တာ ၁၂ နှစ်ရှိသော်လည်း ဒိန်းမတ်စာ အတော်ညံ့ပုံရပါသည်) ကိုတော့ စာတွေ့ အစမှ ပြန်တက်ရမည်ဟု ဆရာက ပြောပါသည်။ သူကလည်း မတက်တော့ပါဟု ချက်ခြင်းအဖြေပေး ပါသည်။
စာရေးသူနှင့် ဒိန်းမတ် (၂)ဦး နောက်တနေ့ပြန်ဖြေရာတွင် သုံးယောက်လုံး အောင်မြင်ပြီး သင်တန်းဆင်းလက်မှတ်များ ရရှိခဲ့ပါတော့သည်။
1 comment:
ကွန်ဂရက်ကျူလေးရှင်းပါ ကိုသက်ဦးရေ
နောက်ဆို ၀န်ချီစက်တွေ မောင်းတော့မယ်ပေါ့။
ဒီမှာတော့ ယာဉ်မောင်းလိုင်စင်ဖြေတာတောင် တအားခက်တယ် ပြောတယ်။ စာတွေ့လဲ မလွယ် လက်တွေ့လဲ ခက် ဆိုပဲ။ ကိုသက်ဦး ၂ ခါပဲ ကြိုးစားလိုက်ရတာ တော်သေးတာပေါ့။
Post a Comment