ကြေးမုံသတင်းစာ စတင်ထုတ်ဝေသော ၁၉၅၇ ခု၊ ဧပြီလ (၁၆) ရက်နေ့သည် ကမ္ဘာကြီး အဖို့ပါ ထူးခြားသော နေ့တနေ့ ဖြစ်သည်ဟု ဆိုပါလျှင် ကားလွန်းသည်၊ ကြွားလွန်းသည်ဟု အပြစ်မတင်နိုင် ပါပေ။ သဒ္ဒါစာပေ ဖွဲ့စည်းမှုစည်းကမ်းအရလည်း ဒေါသမသင့်ပေ။ ထိုနေ့က မြန်မာနှစ်ဆန်း (၁) ရက် နေ့ ဖြစ်၏။ ကြေးမုံနှင့်အတူ ဖွားဘက်တော်များအဖြစ် အထောက်တော်သတင်းစာနှင့် ပြည်တော်စိုး သတင်းစာတို့ပါ သတင်းစာ (၃) စောင် ပြိုင်တူ ထွက်လာခဲ့သည်။ မြန်မာပြည်တွင်မက ကမ္ဘာမှာပင် သတင်းစာအသစ်တစောင် စတင်ထုတ်ဝေသည့်နေ့ ဟူ၍ များများမရှိခဲ့ပေ။ ယခုကဲ့သို့ သတင်းစာ အသစ် (၃) စောင် တပြိုင်တည်းထွက်သောနေ့ဟူ၍ ကမ္ဘာတွင် မရှိသေးပေ။ နောက်နောင်ကာလများ တွင်လည်း ရှိရန်မလွယ်ပါပေ။
အမေရိကန်နှင့် ရုရှအုပ်စု စစ်အေးကြီးကြောင့် မြန်မာစာနယ်ဇင်းလောကကြီး ယိုယွင်းသွားသည်ကို ၀မ်းနည်းဖွယ် ကြုံတွေ့ရသဖြင့် ကြေးမုံကို ပျိုးထောင်ခဲ့သည်။ မြန်မာသတင်းစာများမှာ အမေရိကန် သြဇာခံ လက်ျာသတင်းစာများနှင့် ရုရှသစ္စာခံ လက်ဝဲသတင်းစာများ ဟူ၍ (၂) မျိုးသာရှိနေသည်။ လက်ဝဲသတင်းစာများက အမေရိကန်ဟူသော ဝေါဟာရစာလုံးကို အသုံးပြုတိုင်း “အမေရိကန် နယ်ချဲ့သမား” ဟု ဂုဏ်ထူးဝိသေသန တပ်ဆင်ရေးသားလေ့ ရှိသည်။ လက်ျာသတင်းစာများကလည်း လက်ဝဲနိုင်ငံများ၏ အနယုတ္တသတင်းများကို ပုံကြီးချဲ့ကာ ရေးသားကြသည်။
ဗမာ့ခေတ်သတင်းစာသည် ကွန်မြူနစ်ဆန့်ကျင်ရေး သတင်းစာဖြစ်သည်။ သို့ငြားလည်း တင်မောင် အဖို့ ဗမာ့ခေတ်တွင် အယ်ဒီတာချုပ်အဖြစ်အထိ တာဝန်ယူ လုပ်ကိုင်ခဲ့စဉ်က များစွာ လွတ်လပ်သည်။ ဗမာ့ခေတ်၏ မဟာမိတ်ဖြစ်သူ အမေရိကန် ဒီမိုကရေစီကို ဝေဖန်ရေးသားနိုင်သည်။ သို့သော် အမေရိကန်သံရုံးမှ ပို့ပေးသော ကွန်မြူနစ်ဆန့်ကျင်ရေး သတင်းဆောင်းပါးများကို အများအပြား ဖော်ပြပေးရသည်ကိုမူ ဘ၀င်မကျ ဖြစ်မိသည်။
ဗမာ့ခေတ်မှာ မပျော်နိုင်သည့် အချက်တခု ရှိပါသေးသည်။ လစာနှုန်းထားကို မကျေမနပ်ဖြစ်မိသည်။ မြန်မာသတင်းစာလောကမှ အယ်ဒီတာချုပ်များကို ပေးသော လစာနှုန်းမှာ နေရှင်းအယ်ဒီတာချုပ် ဦးလောရုံ ရယူသော လစာ၏ လေးပုံတပုံသာ ရှိသည်ကိုလည်း မခံချင် ဖြစ်မိသည်။
ထိုအချိန်က တင်မောင်၏ ကိုယ်ပိုင် အပိုလုပ်ငန်းအဖြစ် သောကြာဟာသစာစောင်ကို ဆရာဇ၀နနှင့် ရှုမ၀ဦးကျော်၏ အကူအညီနှင့် ထုတ်ဝေရာ ရောင်းမလောက်အောင် လူကြိုက်များသည်အထိ ထူးထူး ခြားခြား အောင်မြင်မှု ရခဲ့သည်။ သတင်းစာတစောင်အရွယ် စက္ကူကို (၄) ခေါက် ခေါက်ကာ ချူပ်ပြီး တအုပ်တကျပ်နှုန်း ရောင်းခဲ့သည်။ စာမူအများကို မိမိဘာသာ ရေးသောကြောင့် ဆရာဇ၀န၏ စာမူအတွက် ဘီယာပုလင်းဖိုးမှ တပါး စရိတ်မကုန်လေသဖြင့် အချိန်အနည်းငယ်အတွင်းတွင် ငွေအစုလိုက် အပုံလိုက် ကိုင်နိုင်ခဲ့သည်။
ငွေကလေး ကြေးကလေး အိတ်ထဲရှိလာသောအခါတွင် ပြောရဲဆိုရဲ ရှိလာသည်။ ပိုင်ရှင် ဦးအုန်းခင် ထံ အရေးဆိုသည်။ ဗမာ့ခေတ်အမှုထမ်း အားလုံး လစာနှုန်း နိမ့်နေပါသည်။ ထိုကြောင့် တင်မောင်ကို သာမက စာစီကစပြီး သတင်းထောက်များ၊ အယ်ဒီတာများအထိ လစာတိုးပေးပါဟု လစာစာရင်းသစ် ကို တင်ပြကာ အရေးဆိုသည်။ တင်မောင်၏ လစာကို လက်ရှိ တလ (၄၀၀) နှုန်းမှ (၁၀၀၀) ကျပ် အထိ တက်ပေးရမည်ဟုလည်း တောင်းသည်။
“တယ်ဆိုတဲ့ ကောင်ပါလားကွ။ လစာ (၄၀၀) ကျပ်ရတဲ့ သူတယောက်က ပိုတောင်းနိုင်လှ (၅၀၀) ကျပ် ပေါ့” ဟု ဆရာကြီး ရွှေဥဒေါင်းက မှတ်ချက်ချသည်။
“နောက်ပြီးတော့ အမှုထမ်းအားလုံးအတွက် မင်းက လူမိုက်လုပ်တာကိုး” ဟု ပြောသေးသည်။ ဆရာကြီး ယူဆသည့်အတိုင်း ပိုင်ရှင်ဦးအုန်းခင်က လစာကို (၅၀၀) ကျပ်အထိ တိုးပေးရှာသည်။ လစာနှုန်းကို ထိုက်သင့်သလို ပေးပါဟု တောင်းစဉ်က မပေးလျှင် ဘာလုပ်မည်ဟု အစီအစဉ်မရှိ စေကာမူ မိမိတောင်းသည့်အတိုင်း မရသောအခါ တင်မောင်က လက်မခံဘဲ ဗမာ့ခေတ်အယ်ဒီတာချုပ် ရာထူးမှ ထွက်လိုက်မိသည်။ မိမိတွင် ၀င်ငွေရှိနေပြီဖြစ်သော်လည်း တန်ခိုးသြဇာကြီးမားသော အကြီးဆုံးသတင်းစာ၏ အယ်ဒီတာချုပ်ရာထူးမှ ထွက်လိုက်သောအခါတွင် မိမိကိုယ်မိမိ သိမ်ငယ်သူ တဦးအဖြစ် ခံစားမိသည်။ ထွန်းနေ့စဉ်နှင့် အိုးဝေတို့တွင် ၀င်ရောက်ပြီး ဆောင်းပါးများ ရေးမိရာမှ ဖြေသာသည်။
ဗမာ့ခေတ်မှ ထွက်ခြဲ့ပီးနောက် လအနည်းငယ်အတွင်းတွင် ကြေးမုံဂျာနယ်ကို စတင် တည်ထောင် သည်။ စောင်ရေ (၄၀၀၀) အထိ ရောင်းရသဖြင့် အောင်မြင်စေကာမူ သတင်းများ၊ ဆောင်းပါးများကို (၇) ရက် စောင့်ဆိုင်းပြီးမှ ရေးသားရသည်မှာ အားမလို အားမရ ဖြစ်လာသည်။ သတင်းကောင်းများ ရှာနိုင်ပါလျက် မရေးနိုင်သည်မှာ ခြေတုပ်ထားသကဲ့သို့ ခံရခက်သည်။
ကြေးမုံဂျာနယ်ထွက်ပြီး မကြာမီအတွင်း ဂျာနယ်မှတဆင့် နေ့စဉ်သတင်းစာသို့ ကူးပြောင်း တည်ထောင်ခဲ့လေသည်။
သောကြာစာစောင်က ရရှိထားသည့် ငွေရင်းအပြင် ဆွေမျိုးမိတ်ဆွေ (၅) ဦးနှင့် အိုးဝေကြော်ငြာ မန်နေဂျာ ဦးသော်ထံမှ ငွေရင်းအနည်းငယ် တောင်းခဲ့ပြီး ငွေရင်း အစုစု ကျပ်သုံးသောင်းမျှနှင့် တည်ထောင်သောအခါတွင် ဆရာဇ၀နနှင့် ကိုခင်မောင်ရီတို့ကိုလည်း အစုဝင် လာနိုင်ရန် လစာပိုပေးပြီး အစုရှင်များအဖြစ် ပါဝင်စေသည်။ ပထမဆုံးသော အယ်ဒီတာများ စုပေါင်းပိုင်ဆိုင်သည့် သတင်းစာဖြစ်ပြီး ထိုအချိန်က အတော်ဆုံး သတင်းထောက်များကို စည်းရုံးခေါ်ယူထားသဖြင့် တဟုန်ထိုး တိုးတက်ရောင်းချရတော့သည်။
နှစ်ဆန်း (၁) ရက်၊ ပထမနေ့က ကြေးမုံစောင်ရေ (၇၀၀၀) ပုံနှိပ်သည်ကို (၃၀၀၀) ရောင်းရသည်။ ဒုတိယနေ့တွင် (၃၈၀၀) ရောင်းရပြီး၊ တတိယနေ့တွင် (၄၅၀၀)၊ ပဉ္စမနေ့၌ (၇၀၀၀) ရောင်းရသဖြင့် (၅) ရက်အတွင်း သတင်းစာကြီးများနှင့် ရင်ပေါင်တန်းလိုက်နိုင်ခဲ့သည်။ တလကြာသောအခါတွင် စောင်ရေ (၁၃၀၀၀) ရောင်းရကာ သုံးလအကြာတွင် စောင်ရေ (၂၀၀၀၀) ရောင်းရသောကြောင့် မိခင် ဗမာ့ခေတ်ကို ကျော်လွန်ပြီး အကြီးဆုံး သတင်းစာ ဖြစ်လာခဲ့သည်။
ကြေးမုံကို လူထုက လက်ခံအားပေးသည်မှာ သတင်းထူး သတင်းဦးကို ရဲဝံ့စွာ ဖော်ပြနိုင်ခြင်းနှင့် မြန်မာ့ရှုထောင့်ကို ရှေ့ရှုသောမူဝါဒကြောင့် ဖြစ်သည်ဟု စာနယ်ဇင်းလောကက ယူဆကြသည်။ ထိုခေတ်က ဗမာ့ခေတ်မှတပါး သတင်းစာအများကို ငွေရှင်ကြေးရှင်များက ပိုင်ဆိုင်ပြီး သတင်းစာ လုပ်ငန်းကို ရှေးခေတ်ပုံစံအတိုင်း လုပ်ကိုင်ကြလေသည်။ အန္တရာယ်များမည့် သတင်းဆောင်းပါးများ ကို ရှောင်လေ့ရှိ၏။ ကြေးမုံနှင့် ဗမာ့ခေတ်ကမူ လူထုသိသင့်သည့် သတင်းကို ရရှိကြပါက မိမိတို့ ရင်ဆိုင်ကြရမည့် ဘေးရန်များကို သိကြပါလျက် တာဝန်ကျေပွန်စွာ ပုံနှိပ်ဖော်ပြလေ့ ရှိကြသည်။ ထို့ကြောင့် ကြေးမုံနှင့် ဗမာ့ခေတ်က ရှေ့က ပြေးခဲ့သည်။
“ဦးထုပ်နီကြီးတွေ အများကြီး၊ ကြယ်တွေ ကြွေကုန်ကြပြီ” ဟု မိတ်ဆွေ အယ်ဒီတာတဦးက သတင်းစ တခုကို ပေးသည်။ သူက စစ်တပ်ပိုင် သတင်းစာတွင် လုပ်ကိုင်သောကြောင့် သတင်းကို ဖော်ပြရန် မသင့်သဖြင့် တင်မောင်အား ပေးသည်။ တင်မောင်အဖို့ ထိုသတင်းကို ပုံနှိပ်ရန် မ၀ံ့မရဲဖြစ်ပြီး တရက် နှစ်ရက်တိုင်တိုင် ဆိုင်းငံကာ စဉ်းစားရပါသည်။
သတင်းမှာ “တပ်မတော် ထိပ်သီးစစ်ဗိုလ်ကြီး (၁၂) ဦးတို့ကို တပ်မတော်က အနားယူကြစေ။ တဦးကိုမူ ပြည်ပသို့ သံအမတ်အဖြစ် ထွက်စေ” ဟု ဗိုလ်ချုပ်ကြီးနေ၀င်းက ပြစ်ဒဏ်ခတ်သည့် သတင်းဖြစ်သည်။
၁၉၅၈ ခုနှစ်က ပထမဆုံး စစ်တပ်က အာဏာသိမ်းခဲ့သည်။ ထိုစဉ်က ၀န်ကြီးအမည်မခံဘဲ ၀န်ကြီးရာထူးများကို ထမ်းရွက်ကြရသူ ဗိုလ်မှူးကြီးများ အပါအ၀င် ထိပ်သီးစစ်ဗိုလ်ကြီး အများကို ဗိုလ်ချုပ်ကြီးနေ၀င်းက မကျေနပ်သောကြောင့် အရေးယူသည်။ သူက နောက်တကြိမ် အာဏာသိမ်း ရန် အစီအစဉ်ကို အကွက်ရိုက်နေရာ၌ အာဏာသိမ်းချိန် ပိုင်ပိုင်နိုင်နိုင် ရှိစေရန်အတွက် သူ့ကို ပြန်ပြောဝံ့သူ စစ်ဗိုလ်ကြီးများကို ဖယ်ရှားသည်လည်း ဖြစ်၏။
ဗိုလ်ချုပ်နေ၀င်း၏ လုပ်နည်းလုပ်ဟန်မှာ လက်အောက်မှာရှိသော စစ်ဗိုလ်ကြီးအားလုံးကို သူ၏ လူယုံတော်၊ သူ့ကိုယ်ပိုင် စစ်စုံထောက်များနှင့် စောင့်ကြည့်နေလေ့ ရှိသည်။ သူက ကျေနပ်နေသည့် အချိန်တွင် မည်ရွေ့မည်မျှပင် ကြီးလေးသော ရာဇ၀တ်မှုကို ကျူးလွန်မိစေကာမူ မှတ်တမ်းမှာသာ တေးထားပြီး မည်သို့မျှ အရေးမယူဘဲ စောင့်ကြည့်နေလေသည်။ ထိုပုဂ္ဂိုလ်ကို သူမလိုလားသော အခါကျမှ အမှုတွဲကို လှန်ပြပြီး အရေးယူလေ့ရှိသည်။
တပ်မှူးများ ညီလာခံတွင် ဗိုလ်မှူးကြီးတဦးပြီးတဦး စင်မြင့်ပေါ်ခေါ်ပြီး မင်းက စစ်ဆင်ရေး ရန်ပုံငွေ တွေ ပြန်မအပ်ဘူး။ မင်းက ရွေးကောက်ပွဲမှာ ဘက်လိုက်တယ်။ မင်းက အမေရိကန် စီအိုင်အေနဲ့ ပလူးတယ် … စသည်ဖြင့် အသေးစိတ်ပြောပြပြီး တပ်မှ ထုတ်လေသဖြင့် အထုတ်ခံရသူများ မည်သူမှ ပြန်မလှန်နိုင်ဘဲ ခံကြရသော သတင်းကို အစုံရခဲ့သည်။
သတင်းအပြည့်အစုံကို ကြေးမုံမှာ တစောင်တည်း ဖော်ပြနိုင်ခဲ့သောနေ့က အစိုးရအဖွဲ့ဝင် ၀န်ကြီးများ ပင် မသိကြသေးသောကြောင့် ၀န်ကြီးများက လူယုံတော်များကို စာရေးသူထံ စေလွှတ်ပြီး မေးကြရှာ သည်။ သတင်းမှန်၏ အောင်ပွဲနှင့်အတူ ဆက်တိုက်လာနိုင်သည့် ဂယက်ကို မြင်မိသောကြောင့် တင်မောင့်အဖို့ ရင်လှိုက်သည်းဖို တုန်လှုပ်ချောက်ချား ရပါသည်။ ဤသို့သော ခံစားချက်မျိုး ကြုံရ ခဲတော့သည်။
၁၉၅၈ ခုက အိမ်စောင့်အစိုးရ အမည်နှင့် စစ်တပ်က အာဏာသိမ်းစဉ်က ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီး နေ၀င်း၏ မိန့်ခွန်းကို သူပြောသည့်အတိုင်း လုံးစေ့ပတ်စေ့ ပုံနှိပ်ဖော်ပြခြင်း မပြုဘဲ အတိုချုပ်ကာ ရေးသား ဖော်ပြခဲ့သည်။ ယင်းသို့ ဖော်ပြသဖြင့် တပ်မတော်အရာရှိများ စိတ်ဓာတ်ကျစေသည်ဟု ရုံးတော်သို့ အမှုတင်ကာ ကြေးမုံကို ပိတ်စေ၊ စက်သိမ်းစေ၊ အယ်ဒီတာ ထောင်ဒဏ်ကျခံစေဟု တရားစီရင်ခဲ့သည်။ ရွေးကောက်ပွဲအပြီး ဒီမိုကရေစီ အစိုးရတက်လာမှ အမှုပြယ်သွားပါသည်။ ခဲမှန်ဖူး သည့် စာသူငယ်ဖြစ်သဖြင့် ဤတချီမှာ ဗိုလ်ချုပ်ကြီး စိတ်ဆိုးလျှင် မသက်သာဘူးဟု တွေးမိသော ကြောင့် များစွာ တုန်လှုပ်ခဲ့မိလေသည်။
ဗိုလ်ချုပ်ကြီးနေ၀င်းက တုန်နေအောင် စိတ်ဆိုးစေကာမူ သတင်းက မှန်သောကြောင့် တကြောင်း၊ ဖယ်ရှားလိုက်သူ စစ်ဗိုလ်ကြီးများက ပြန်တိုက်နိုင်သည့် အခွင့်အလမ်း ပေါ်လာမည်ကို စိုးရွံ့သဖြင့် တကြောင်း၊ ရာသက်ပန် အာဏာသိမ်းရန် မဟာစီမံကိန်းကြီး ရေးနေချိန်ဖြစ်သောကြောင့် တကြောင်း၊ ရွေးကောက်ပွဲအပြီးတွင် အာဏာပြန်ပြီး ရယူသည့် သန့်ရှင်းဖဆပလ အစိုးရနှင့် ပဋိပက္ခ မဖြစ်လိုသော ကြောင့် တကြောင်းတို့ကြောင့် အရေးမယူရဲဘဲ အံခဲနေသည်ဟု ကြားသိရသည်။
ကြေးမုံအာဘော်နှင့် ပတ်သက်၍ မြန်မာ့ရှုထောင့်က မြင်ကြည့်သည့် သတင်းစာဖြစ်ရမည်။ ဘက်မလိုက်သည့် သတင်းစာ ဖြစ်ရစေမည်ဟု ကြိုးစားစေကာမူ သတင်းဖြစ်ပေါ် သမျှကို တင်ပြ ဝေဖန်ရာ၌ လွတ်လွတ်လပ်လပ် ရေးလေသဖြင့် လက်ဝဲ လက်ျာအင်အားစု (၂) ဘက်စလုံးက မကြည် ကြပါပေ။ “မင်းတို့က အနောက်အုပ်စုကို အသားပေးလွန်းတယ်” ဟု ဆရာ ဦးသိန်းဖေမြင့် က ဝေဖန်သည်။ ဆရာဦးညိုမြက တဖန် “ကြေးမုံက လက်ဝဲဘက်ကို ဘေးတီးပေးတယ်” ဟု အပြစ်တင် ပြန်သည်။ ။
No comments:
Post a Comment