Monday, May 28, 2007

မင်္ဂလာဧည့်ခံပွဲ...

မနေ့က မေလ ၂၇ ရက်နေ့၊ မြန်မာပြည်က ပါတီစုံအထွေထွေရွေးကောက်ပွဲ ၁၇ နှစ်မြောက်နေ့ဖြစ်ပါတယ်။ ကျနော့်မိတ်ဆွေ ကိုမိုက်ကယ်တို့ ဇနီးမောင်နှံကလည်း အဲဒီနေ့မှာပဲ မင်္ဂလာဧည့်ခံပွဲလုပ်ဖို့ ရက်သတ်မှတ်ခဲ့ကြ တာကလည်း အဓိပ္ပါယ်ရှိပါတယ်။ သူတို့ ၂ ဦးလုံးက NLD ပါတီဝင်တွေဖြစ်လို့ပါ။ မင်္ဂလာဧည့်ခံပွဲ ကျင်းပရာ သူတို့နေတဲ့ Bramming မြို့ကလေးဟာ ဒိန်းမတ်မှာ မြန်မာပြည်သားအများဆုံးနေတဲ့ မြို့လို့ပြောလို့ရပါတယ်။ အဲဒါကြောင့်လည်း မနေ့က ကိုမိုက်ကယ်တို့အိမ်မှာပဲ လုပ်ဖြစ်တဲ့ ဧည့်ခံပွဲကို လာတဲ့ ဧည့်ပရိသတ်အတော်များ တာကို တွေ့ရပါတယ်။ ကိုမိုက်ကယ်ဇနီး မပို လက်စွမ်းပြထားတဲ့ မုန့်ဟင်းခါးကလည်း လာတဲ့သူတွေ ၂ ခါပြန် သုံးခါပြန် အားပေးရလောက်အောင်ပဲ အထူးကောင်းမွန်ပါပေတယ်။ မုန့်ဟင်းခါးမှာထည့်မယ့် ငှက်ပျောအူကို တလလောက်ကြိုပြီး Esbjerg က ထိုင်းဆိုင်မှာ ကြိုမှာထားခဲ့တာပါ။
ကိုမိုက်ကယ်ဟာ ရှစ်လေးလုံးအရေးတော်ပုံအပြီး ပေါ်ပေါက်လာတဲ့ NLD ပါတီမှာ လမ်းမတော်မြို့နယ်က ဒု- ရုံးအဖွဲ့မှုးပါ။ မပို (ခေါ်) မ၀င်းဝင်းဌေးက ၅ (ည) နဲ့ အင်းစိန်ထောင်မှာ နေခဲ့ရစဉ်က ဆိပ်ကမ်းမြို့နယ် လွတ်တော်အမတ် ဒေါ်စန်းစန်းနဲ့ တခန်းတည်း နေခဲ့ရသူပါပဲ။ အကယ်၍ သူတို့မင်္ဂလာဆောင်မှာ ဒိန်းမတ်မှာ မဟုတ်ပဲ မြန်မာပြည်မှာ လုပ်ဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်လည်း အခုလို အကျယ်ချုပ်မဟုတ်ပဲ လွတ်မြောက်နေမယ်ဆိုရင် အန်တီကိုယ်တိုင်လာရောက်အားပေးမယ့် မင်္ဂလာပွဲတခု ဖြစ်မှာပါ၊ အခုတော့ အခြေအနေတွေက အားလုံးသိတဲ့အတိုင်းပဲဆိုတော့ ...
ဘာပဲဖြစ်ဖြစ် မြန်မာပြည်လွတ်လပ်တဲ့တနေ့ ကိုမိုက်ကယ်နဲ့ မပိုတို့ရဲ့ မင်္ဂလာနှစ်ပတ်လည်ပွဲတွေကို NLD အဖွဲ့ဝင်တွေ နဲ့ မြန်မာပြည်သူတွေရှိရာမှာ ကျင်းပနိုင်လိမ့်အုံးမယ်လို့ ယုံကြည်နေကြောင်းပါခင်ဗျား....
(မင်္ဂလာဧည့်ခံပွဲနေ့က ရိုက်ထားတဲ့ ဓါတ်ပုံလေးတွေကိုလည်း Photo Story လေး လုပ်ထားပါတယ်)

5 comments:

ကလိုစေးထူး said...

ကိုသက်ဦးရေ.. အကိုက ဘလော့ဂ်ရေးတာ ကျနော့်ကို မပြောပြပေမယ့် ကျနော့်ဘာသာပဲ ရှာကြံလာလည်ပါတယ်။ စီဘောက်စ်လေး ဘာလေးလဲ ထားပါအုံး အကိုရ။

Chan Mya Soe said...

သားမြေးတီတွတ်ရသည်ထိ အိုအောင်မင်းအောင် ပေါင်းနိုင်ပါစေကြောင်း ဆုမွန်ကောင်း တောင်းပါတယ်ခင်ဗျာ။

Thet Oo said...

ကိုစေးထူးရေ ကျနော်က သိပ်မလုပ်တတ်သေးတော့ သူများတွေကို ခေါ်ပြရင် အားနာစရာ ဖြစ်နေမှာစိုးလို့ပါ။

Thet Oo said...

ပေးတဲ့ဆုနဲ့ပြည့်စေသား ကိုချမ်းရေ...

နေမိုး said...

ကိုသက်ဦးကတော့ ဆွဲရေးမှာတော့ စိတ်ချရတယ်နော်။ တွေ့သမျှပွဲတွေ အမှန်အကန်အားပေးမယ်ဆိုတာကြီးပဲ။ ကောင်းပါတယ်။ များများစားထားတော့ များများပွါးလို့ကောင်းတာပေါ့။ တော်ကီတွေပြောတာပါ။ ကျနော်လည်း ကြုံတုန်း ဆီဗုံးမရှိတော့ ရတဲ့နေရာက အော်သွားတာပါ။

နေမိုး
ဒိန်းမတ်