Thursday, July 22, 2010

(၄၉) ကျေးဇူးတော်ရှင် ဗိုလ်ချုပ်ကြီးနေ၀င်း (ကြေးမုံဦးသောင်း)

ဗိုလ်ချုပ်ကြီးနေ၀င်းသည် တင်မောင်အဖို့ ကယ်တင်သူ ကျေးဇူးတော်ရှင် ဖြစ်ပါသည်။ တင်မောင်ကလည်း ကျေးဇူးဆပ်နိုင်ခဲ့ပါသည်။ ကိုးနှစ်နှင့် ဆယ့်တလတိတိ ပြန်ကြားရေးဝန်ကြီးဌာနတွင် အမှုထမ်းစဉ်က သူသိသင့် သိထိုက်သော သတင်းမှန်များနှင့် ထင်မြင်ဝေဖန်ချက်များကို စာရေးတင်ပြခဲ့ပါသည်။
ဗိုလ်ချုပ်ကြီးနေ၀င်းက သံယောဇဉ်ရှိသူများကို ကူညီလေ့ရှိပါ၏။ မိတ်ဆွေသတင်းစာဆရာကြီးတဦးက ဗိုလ်ချုပ်ဈေးတွင် ဆိုင်ခန်းရရှိရေး၊ နိုင်ငံခြားစေလွှတ်မည့် လေ့လာရေးအဖွဲ့တွင် မိမိပါသင့်ရေး စသည်တို့ကို စာရေး တိုင်တန်းတောင်းဆိုပါသည်။ နိုင်ငံခြားသို့ သွားလုဆဲဆဲတွင် အဖွဲ့ဝင်တဦးကို ဖြုတ်ကာ သူ့ကို ထည့်ပေးရပါသည်။ ဆိုင်ခန်းလည်း ရသွားပါသည်။ တင်မောင်မှာ လိုအပ်ချက်မရှိပါ။ ဦးနေ၀င်းထံ စာရေးတိုင်း၊ တွေ့ဆုံတိုင်း ကိုယ်ရေး ကိုယ်တာ အခွင့်အရေးကို တောင်းဆိုမှု မပြုခဲ့ပါ။ အမေရိကန်သို့ ထွက်ခွာရန် နိုင်ငံကူးလက်မှတ် လျှောက်ထားစဉ် ကပင် ဗိုလ်ချုပ်ကြီးအား အပူမကပ်ခဲ့ပါ။ ဗိုလ်ချုပ်စန်းယုထံ ပန်ကြားရာ၊ နိုင်ငံကူးလက်မှတ် လျှောက်လွှာ တင်ပြီးနောက် (၁၃) ရက်နှင့် ရရှိခဲ့ပါသည်။
သူနှင့် သီးသန့်တွေ့ဆုံရာတွင် တင်မောင်က “ဦးခင်ဗျား၊ မြို့ထဲမှာ ဒီလိုဒီလို ဖြစ်နေပါပြီ” ဟု နိုင်ငံ၏ အရေးကိစ္စ များကို အသေးစိတ်တင်ပြသည်ကို အချိန်ပေးကာ နားထောင်လေ့ရှိပါသည်။ တင်မောင်က ဗိုလ်ချုပ်ကြီးဟု စစ်ရာထူးအရ ခေါ်ဝေါ်ခြင်းမပြုဘဲ “ဦးခင်ဗျား…” ဟု ရင်းနှီးသော အရပ်သားစကားနှင့် ခေါ်လေ့ရှိပါသည်။
မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ တည်ထောင်စဉ်က ပါတီဌာနချုပ်ကို မင်္ဂလာဒုံစစ်တပ်ထဲတွင် ထားရှိခဲ့ရာမှ ရန်ကုန်မြို့တွင်းတွင် ဌာနချုပ်ဖွင့်ရန် နေရာရှာကြပါသည်။
တော်လှန်ရေးအစိုးရ တက်လာချိန်မှ စတင်ကာ အစိုးရရော ပြည်သူတို့ပါ သုံးထပ်တိုက်ပင် မဆောက်နိုင်ခဲ့သဖြင့် နေရာကောင်းမရကြပါ။ ပထမကမ်းနားလမ်းမှ ခြောက်ထပ်ကြီးရုံးကို ရွေးကြပြီးမှ ကျဉ်းသည်ဟု ပယ်ချကာ ရန်ကုန်မြို့ခရိုင်၊ ရာဇ၀တ်တရားသူကြီးရုံးနှင့် တရားရုံးများ တည်ရှိသော ရဲမင်းရုံးအဆောက်အဦကြီးကို ပါတီဌာနချုပ်ဖွင့်မည်ဟု ရွေးချယ်ကြပါသည်။ တရားရုံးများသည်လည်း ကမန်းကတန်းနေရာရှာကြရပါသည်။ တရားရုံးများတို့ကို လူထုက ရိုသေအောင် ဖန်တီးရပါသည်။ တရားရုံးများအဖို့ ရပ်ကွက်များ၊ ဈေးတန်းများသို့ ရောက်သွားပါက အဆောင်အယောင်ကင်းကွာမည်။ တရားရုံးတို့ကို လူမရိုသေပါက တရားဥပဒေစိုးမိုးရေးကို ထိပါး ပါမည်ဟု ဗိုလ်ချုပ်ကြီးကို တွေ့ဆုံကန့်ကွက်ခဲ့ပါသည်။ သူ၏ စိတ်ကို ထိစေရန် “ဦးရယ် ရာဇ၀တ်တရားရုံးဆိုတော့ အောက်ထပ်မှာ အချုပ်ခန်းတွေရှိပါတယ်။ ထောင်ကလေးတခုမို့ နိမိတ်လည်း မကောင်းပါဘူး” ဟု စီကာပတ်ကုံး ပြောပြခဲ့ပါသည်။ တင်ပြသည်ကို အသေးစိတ်နားထောင်နေပေမယ့် “လက်လွန်သွားပြီကွာ” ဟု ဖြေပါသည်။ တင်မောင်ရှုံးခဲ့ပါ၏။
တင်မောင်၏ တင်ပြချက်အများတို့မှာ မအောင်မြင်ပါ။ “ကွာ ငါ့ကောင်တွေကလည်း ခက်တယ်ကွာ” ဟု စကားပိတ် လိုက်လေ့ရှိပါသည်။ အချို့သော ကိစ္စများကို ချက်ချင်း အရေးယူသည်လည်း ရှိပါသည်။
တင်မောင်အား မကြည်နိုင်သော စစ်ဗိုလ်များနှင့် ၀န်ကြီးများလည်း ရှိကြပါသည်။ သူတို့က ဗိုလ်ချုပ်ကြီးနေ၀င်းထံ စာရေးတိုင်တန်းကြသည်ကို သိရပါသည်။
ပါတီဌာနချုပ်မှ စစ်ဗိုလ်ကလေးတဦးက စာရေးသူ၏ ဆောင်းပါးများသည် ပါတီလမ်းစဉ်ကို ဆန့်ကျင်သဖြင့် “ဒင်း၏ မျက်စိမျာကို ဖောက်ပစ်ရမည်” ဟု သတင်းစာမှ ရေးသားပါသည်။ ဘဏ္ဍာရေးဝန်ကြီး ဦးဘညိမ်းက “သူ၏ ဆောင်းပါးများသည် နယ်စပ်မှ သူပုန်ထနေသော ဦးနု၏ လမ်းစဉ်သာ ဖြစ်သည်။ သူ၏ ဆောင်းပါးများကို သတင်းစာများမှ ဆက်လက်ဖော်ပြနေပါက မိမိအလုပ်လုပ်၍ မဖြစ်ပါ” ဟု စာတမ်းရှည်ကြီး တင်ပါသည်။ တင်မောင်အား ထိုဘဏ္ဍာရေးဆိုင်ရာ ဆောင်းပါးများအတွက် အရေးမယူခဲ့ပါ။
တခါတွင် ပြန်ကြားရေးဝန်ကြီး ဗိုလ်ချုပ်သောင်းဒန်က သူ၏ မကျေနပ်ချက်တခုကို ပြောဖူးပါသည်။ မော်စကိုသို့ ခရီးသွားဆောင်းပါးတွင် “မော်စကိုလမ်းပေါ်၌ ရင်ဘတ်တွင် တံဆိပ်အပြည့်ချိတ်ထားသော စစ်ဗိုလ်ချုပ်ကြီးများကို လက်ပြရဲက ငေါက်ငမ်းတားဆီးသည်ကို မြင်ခဲ့ရကြောင်း ရေးသားထားသည်” ကို “ဤအချက်မျိုး မရေးပါနှင့်” ဟု အထူးအရာရှိမှတဆင့် တားဆီးပါသည်။ တင်မောင်၏ ဆောင်းပါးများ မူဝါဒနှင့် ပတ်သက်၍ စစ်ဗိုလ်များ၊ ၀န်ကြီးများက တိုင်တောကြစေကာမူ ဆန့်ကျင်ကြစေကာမူ ဗိုလ်ချုပ်ကြီးက တခွန်းတပါဒမှ မပြောသဖြင့် ပြန်ကြားရေးဝန်ကြီးကလည်း မပြောခဲ့ပါ။
တင်မောင်အား သတင်းထောက်တဦးဟု ဗိုလ်ချုပ်ကြီးက မျက်မှန်းတန်းခဲ့သည်မှာ လွတ်လပ်ရေးရရှိစကာလက နိုင်ငံခြားသံရုံးဧည့်ခံပွဲများတွင် စတင်ခဲ့ပါသည်။ ကရင် - ဗမာပြည်တွင်းစစ် အင်းစိန်တိုက်ပွဲတွင် မကြာခဏ တွေ့ခဲ့ရပါသည်။
သူ့ထံသို့ စာရေးခဲ့သည်မှာ စစ်စုံထောက်များက ရန်ရှာသဖြင့် ဖြစ်ပါ၏။ ၁၉၅၈ ခု၊ အိမ်စောင့်အစိုးရခေတ်တွင် ကြေးမုံသတင်းစာ ပုံနှိပ်ထုတ်ဝေသူကို ထောင်ဒဏ်ပေးကာ သတင်းစာကို သိမ်းရမည်ဟု ရုံးတော်မှ စီရင်ခဲ့ပါသည်။ တင်မောင်ကိုလည်း ကွန်မြူနစ်ဟု ယိုးစွပ်ကာ စစ်စုံထောက်များက လိုက်နေကြသဖြင့် ဂါးဒီးယန်းသတင်းစာ အယ်ဒီတာ ဦးစိန်ဝင်း၏ နေအိမ်တွင် ပုန်းအောင်းနေရစဉ်က “ကျနော်ကွန်မြူနစ်မဟုတ်ပါ” ဟု သူ့ထံ စာတင်ခဲ့သဖြင့် ကိုကိုးကျွန်းသို့ မရောက်ခဲ့ရပါ။
“ကျနော် ကွန်မြူနစ်မဟုတ်ပါ” ဟု စာရေးသည်မှာ မှန်ကန်သော သစ္စာစကားဖြစ်ပါသည်။ ဖက်ဆစ်တော်လှန်ရေး ကာလတွင် ကိုနေ၀င်း၊ ကိုထွန်းစိန်တို့၏ သင်တန်းများ တက်ခဲ့သည်။ စစ်ပြီးခေတ်တွင် ရန်ကုန် (၃၃) လမ်းရှိ အလံနီဌာနချုပ်သို့ ၀င်ထွက်ခဲ့ကာ သခင်စိုး၏ သင်တန်းပင် တက်ခဲ့ဖူးပါသည်။ သို့သော် ပါတီဝင် မဖြစ်ခဲ့ပါ။ အာဏာသစ်သတင်းစာ လှည့်လည်ရောင်းချသူ အဆင့်သာသာ သာရှိပါသည်။
ပါတီက တောခိုသွားသောအခါ တာဝန်များပေးအပ်သည်ကို လက်မခံဘဲ ပါတီအတွက် စာအုပ်ဝယ်ပေးရသော တာဝန်ကိုသာ ဆောင်ရွက်ပေးခဲ့ပါသည်။ သူတို့တတွေ စာများများ ဖတ်စေလိုသော စေတနာနှင့် စာအုပ် အမြောက်အမြားဝယ်ယူကာ တောသို့ပို့ရသော အလုပ်တခုတည်းသာ လုပ်ခဲ့ပါသည်။ သခင်စိုးထံမှ သူဖတ်လိုသော စာအုပ်စာရင်းစာမှတပါး အဆက်မရှိပါ။ ထိုအချိန်က ဗမာ့ခေတ်အတွက် စာအုပ်များကိုလည်း တင်မောင်ပင် ၀ယ်လေရာ ၀န်ကြီးချုပ်ဦးနု ဖတ်သင့်သော၊ ဖတ်စေလိုသော စာအုပ်များကိုလည်း ဗမာ့ခေတ်က ၀ယ်ယူပို့ပေးခဲ့ ရပါသည်။ စိုးနှင့်နု ခေါင်းဆောင်နှစ်ဦးစလုံးတို့အား မိမိက ဖတ်စေလိုသော စာအုပ်များ ၀ယ်ယူပို့ပေးနိုင်ခဲ့သည်ကို နှစ်သိမ့်နေသူ ဖြစ်ခဲ့ပါသည်။
နောက်တကြိမ်တွင်လည်း ကွန်မြူနစ်ဟု ယူဆကာ စစ်စုံထောက်များက လိုက်ပြန်ပါသည်။ ၁၉၆၃ ခု၊ နိုဝင်ဘာလ တောတွင်းသူပုန်များကို ဖိတ်ခေါ်ဆွေးနွေးပွဲ အပျက်တွင် လိုက်ပြန်သဖြင့် ပုန်းအောင်းနေရာမှ သူ့ထံ စာရေးသောကြောင့် အဖမ်းမခံခဲ့ရပါ။ လွတ်ငြိမ်းခွင့်ရခဲ့ပါသည်။ နောက်ဆုံးအကြိမ်တွင်မူ ဖမ်းမည့်ရဲများက အိမ်ကို ၀ိုင်းထားသဖြင့် မပြေးနိုင်တော့ပါ။ “ဦးခင်ဗျား… ကျနော့်ကို ဖမ်းကြပါပြီ” ဟု ကပျာကယာ စာတစောင်ရေးပြီး ဇနီးနှင့် ထားခဲ့သည်ကို “နေလိုက်ဦးကွာ” ဟု အင်းစိန်ထောင်သို့ လှမ်းပြောကာ အခွင့်အရေးများ ပေးခဲ့ရှာပါသည်။
တနေ့တွင် လွှတ်တော်အစည်းအဝေး စားသောက်ဆိုင်တွင် တင်မောင်တို့ သတင်းစာဆရာများ နံနက်စာ စားနေကြစဉ် တဘက်စားပွဲတွင် ဗိုလ်ချုပ်ကြီးနေ၀င်းနှင့် ဒေါ်နီနီမြင့်တို့ လာရောက်စားသောက်ကြရာ စားပွဲထိုးက ကြက်သားကြော်များ ချပေးပါသည်။ ဗိုလ်ချုပ်ကြီးက ဒေါ်နီနီမြင့်ရှေ့မှ ပန်းကန်က ကြက်ပေါင်ကြော်တခုကို ယူလာကာ တင်မောင်၏ ပန်းကန်ထဲသို့ ထည့်ပါသည်။ “ပေးလိုက်ပါကွာ၊ ဒီကောင်က ကြက်ပေါင်အလွန် ကြိုက်တဲ့ကောင်ကွ” ဟု သူ၏ ဇနီးကို ပြောပြပါသည်။
တင်မောင် တုန်လှုပ်ချောက်ချားသွားပါသည်။ ၁၉၆၁ ခုနှစ်က ဗိုလ်မှူးကြီး (၁၃) ဦးကို ရာထူးချစဉ်က ထိုသတင်းကို တပ်မှူးများ အစည်းအဝေးတွင် ဗိုလ်ချုပ်ကြီးနေ၀င်းက ဗိုလ်မှူးကြီးများကို တဦးပြီးတဦးခေါ်ကာ ရာထူးမှ ချခဲ့ပုံကို အသေးစိတ်ရရှိသဖြင့် ကြေးမုံတစောင်တည်း သတင်းဦးဖော်ပြနိုင်ခဲ့ပါသည်။ ထိုစဉ်က ဗိုလ်မှူးကြီးကြည်ဝင်းက ညောင်ဦးသားချင်း သတင်းပေးသည်ဟု ငြိုးခဲ့ပါသည်။ ထောင်မှထွက်ပြီး တင်မောင်အား ခေါ်ယူတွေ့ဆုံစဉ်က ကျနော်၏ မိဘများရှိရာ တောသို့သွားကာ ကန်တော့မည်ပြောရာ ညောင်ဦးကို ဘာနှင့်သွားမည်လည်းဟု မေးခဲ့ပါသည်။ မှတ်ဉာဏ်ကောင်းပြီး အသေးစိတ်ကစပြီး သိလေ့ရှိသည့် ဗိုလ်ချုပ်ကြီးက ငါ့အကြောင်းတွေ ဘာတွေများ သိထားပါလိမ့်ဟု ကြောက်လန့်မိပါသည်။
ဤတွင်မှ မိမိသည် ဦးနေ၀င်းကို သံယောဇဉ်ရှိစေကာမူ သူ၏ စစ်ဝါဒကို ဆန့်ကျင်သူ ဖြစ်သည်ကို ဆန်းစစ်မိသည်။ တနေ့တွင် ဘေးအန္တရာယ်ကြီးမည်ကို သတိပြုမိကာ ဦးနေ၀င်းနှင့် ဝေးရာသို့ ပြေးနိုင်မှ လွတ်လေမည်ဟု တွေးမိကာ အခွင့်သာသည်နှင့် ပြည်မှ ထွက်ရန် ဆုံးဖြတ်ခဲ့ပါသည်။ ။

Sunday, July 18, 2010

သူတို့ဓလေ့

ဒိန်းမတ်မှာ နွေရာသီဆို ခြေခင်းလက်ခင်း သာယာတာမို့ လူအတော်များများ ခရီးသွားကြပါတယ်။ ကျောင်းတွေ၊ အလုပ်တွေလည်း ပိတ်လေတော့ တတ်နိုင်ရင်တတ်နိုင်သလို နိုင်ငံခြားကို ခရီးထွက်ကြတယ်။ မတတ်နိုင်ဘူးဆိုလည်း ခရီးထွက်ဖို့အတွက်ကိုပဲ ငွေချေးပေးနေတာတွေ ရှိတယ်။ နောက်မှ ဖြေးဖြေးချင်း ပြန်ဆပ်ပေါ့လေ။ အနည်းဆုံး နိုင်ငံခြား ခရီးစဉ်မထွက်နိုင်ဘူးဆိုရင်တောင် ပြည်တွင်းက Summer house လို နွေရာသီအိမ်မျိုးမှာ သွားနေကြတယ်။ တချို့က နွေရာသီအိမ် ကိုယ်ပိုင်ဝယ်ထားကြပြီး တချို့ကတော့ ငှားနေကြတယ်။ တချို့ကျတော့ Camping ထွက်တဲ့နေရာတွေမှာ အိမ်သဖွယ်ပြုလုပ်ထားတဲ့ကားတွေနဲ့ သွားနေကြတယ်။ မနေ့ကတော့ ကျနော်တို့မိသားစုလည်း Camping ထွက်တဲ့နေရာတခုကို ရောက်သွားခဲ့တယ်။ ဒီမှာလာနေရင် ဘယ်လောက်ပေးရမလဲ ဆိုပြီး ဈေးနှုန်းကိုလည်း စပ်စုခဲ့သေးတယ်။ တညအတွက် တဲတလုံးစာ (သို့မဟုတ်) ကားတစီးစာ နေရာတခုကို ယူရိုငွေတဆယ်ခန့်နဲ့ လူတဦးစာကို တညအတွက် ယူရိုတဆယ်နီးပါး ပေးရတယ်။ မြက်ခင်းပေါ်မှာ ကိုယ့်ဖာသာကိုယ် ယာယီတဲထိုးနေတာပဲ ဆိုပေမယ့် ခွင့်ပြုချက်နဲ့ ဖွင့်လှစ်ထားတဲ့ နေရာတွေမှာသာ နွေရာသီစခန်းချခွင့်ပြုတာပါ။ Camping စခန်းမှာတော့ ရေချိုးဖို့နေရာ၊ အိမ်သာ၊ မီးဖိုချောင် စသည်ဖြင့် သီးသန့်နေရာတွေ လုပ်ပေးထားပါတယ်။ ကလေးကစားကွင်း၊ ငါးမျှားကန် စတာတွေ ရှိပါတယ်။ ငါးမျှားရင် နာရီနဲ့ ကျသင့်ငွေ ထပ်ပေးရပါတယ်။ ပြီးတော့ လျှပ်စစ်မီးသုံးရင် ဘယ်လောက်၊ အင်တာနက်သုံးရင် ဘယ်ဈေးဆိုပြီး သီးခြားဈေးသတ်မှတ်ထားတာကိုလည်း တွေ့ခဲ့ရပါတယ်။
ကျနော်တို့က ၂ ညအိပ် Camping လုပ်နေသူတွေဆီ ခဏအလည် သွားတာပါ။ တချို့နေရာတွေက အဲဒီလို နေ့ခင်းပိုင်းအလည်လာသူအတွက် ကျသင့်ငွေ သတ်မှတ်ကောက်ခံပြီး တချို့နေရာတွေကတော့ အလကား အလည်သွားလို့ရပါတယ်။ သူတို့နဲ့စကားပြော၊ သူတို့ ဘယ်လိုနေကြသလဲ ဆိုတာကြည့်ပြီး ပြန်လာခဲ့ကြပါတယ်။ ပြီးတော့ ဘလော့မှာတင်ဖို့ ဓာတ်ပုံလေး နဲနဲပါးပါး ရိုက်ခဲ့တယ်ပေါ့။ ။



နွေရာသီဆို သူတို့က ဒီနေရာမျိုးမှာ ပိုက်ဆံပေးပြီး လာနေလေ့ရှိကြတယ်။ မြို့တွေထဲမှာ လူမစည်ပဲ Camping လုပ်တဲ့နေရာတွေ မှာ လူစည်နေတတ်တယ်။ အဲဒါကို အခွင့်ကောင်းယူပြီး အိမ်ဖောက်တဲ့သူတွေက ရှိသေးသမို့ အိမ်ဖောက်ခံရတဲ့အမှု များတဲ့လတွေပေါ့။

Friday, July 2, 2010

(၄၈) စစ်ဗိုလ်ပြုတ်များ၏ အရည်အသွေး (ကြေးမုံဦးသောင်း)

ပြည်သူပိုင် သတင်းစာများ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဗိုလ်မှူးသည် အတွင်းဝန်ရာထူးအထိ တက်လာပါသည်။ ရာထူးတက်ရန် ကြိုးစားရာတွင် သတင်းစာများ ကျင့်ဝတ်ကိုပင် ထိပါးစပြုလာပါသည်။ ဆိုရှယ်လစ်စီးပွားရေးစနစ် အတွက် အရင်းအနှီးတိုးတက်ရရှိရန် သတင်းစာများက အမြတ်များများ ရှာရမည်ဟု သူက ချမှတ်ပါသည်။ ကြော်ငြာမှ ၀င်ငွေပိုမိုရရှိရေးကို သူက မီးထိုးပေးသောအခါ စီးပွားရေးကြော်ငြာ များများ မရနိုင်သဖြင့် ပြည်သူပိုင် သတင်းစာများသည် နိုင်ငံခြားသံရုံးကြော်ငြာများကို ပိုမိုဖော်ပြရပါသည်။ အထူးသဖြင့် မြောက်ကိုးရီးယားနိုင်ငံ သံရုံးမှ ခေါင်းဆောင်ကြီး ကင်အိဆွန်၏ အတွေးအခေါ်ကြော်ငြာများက ပြည်သူပိုင် သတင်းစာများကို လွှမ်းမိုးလာပါသည်။ ထိုကြော်ငြာများသည် နိုင်ငံရေးသြဇာလွှမ်းခံရသည် ဖြစ်သဖြင့် လျှော့သင့်ကြောင်း အစည်းအဝေးတို့တွင် မကြာခဏ ထောက်ပြရပါသည်။
ရာထူးတက်သူ အတွင်းဝန်ဗိုလ်မှူးကို ပြန်ကြားရေးဝန်ကြီးဌာနနှင့် သတင်းစာလုပ်သားများက မကျေနပ်ကြသဖြင့် တိုင်စာအများ ပို့ကြသည်ဟု ကြားသိရပါသည်။ ဌာနများ၌ ရာထူးတိုးမြှင့်ရေး ဆုံးဖြတ်ချက်တို့ကို မကျေနပ်သူများ ပါသည်။
အာဏာရှင် ဗိုလ်နေ၀င်းသည် ပစ်စာများကို အထူးဂရုစိုက်ပါသည်။ သူကိုယ်တိုင် ဖတ်ရှုလေ့ရှိပြီး အလွန်ကောင်းသော မှတ်ဉာဏ်နှင့် တေးထားလေ့ရှိပါသည်။ အခြားရရှိသော သတင်းများ၊ စုံစမ်းချက်များနှင့် ညှိကာ လုပ်ဆောင်လေ့ရှိပါသည်။ မည်သူ့စာ၏ ဂယက်မသိ။ အတွင်းဝန်ဗိုလ်မှူးအား ဒု-၀န်ကြီးရာထူးသို့ တိုးမြှင့်တော့မည့်ဆဲဆဲတွင် ရာထူးမှ ဖယ်ရှားလိုက်ပါသည်။
သူ့ကို ဖယ်ရှားသည်မှာ မှန်ကန်သော ဆုံးဖြတ်ချက်ဖြစ်စေကာမူ စိတ်မကောင်း ဖြစ်မိပါသည်။ ဗိုလ်မှူးသည် တင်မောင်အပေါ်တွင် ကောင်းရှာပါသည်။ အဘက်ဘက်မှ ကူညီရှာပါသည်။ တင်မောင်အား ရာထူးခန့်ထားရန် အတွက် ရာထူးဝန်အဖွဲ့ အစည်းအဝေးသို့ တက်ရောက်တင်ပြစဉ်က ဥက္ကဋ္ဌဦးကာက “ဒီလိုအရည်အသွေး ပြည့်တဲ့သူကို ပေးတဲ့ လစာနှုန်းထားက နည်းလွန်းတယ်။ ရာထူးအဆင့်ရော၊ လစာပါ တိုးတက်ပေးသင့်တယ်” ဟု မှတ်ချက်ချကြောင်း လူအများရှေ့တွင် ၀မ်းသာအားရ ပြန်ပြောရှာပါသည်။ သို့သော် ၀န်ကြီးဟောင်း ဦးထွန်းဖေကမူ “ကျနော်၏သားသည် အမေရိကန်ပြန် ပညာတော်သင်ဖြစ်ပါလျက် ပြန်ကြားရေးဌာနတွင် အလုပ်လျှောက်ထားရာ၌ ပြန်တမ်းဝင်ရာထူးအဆင့်ကို မပေးပါ။ တော်လှန်ရေးအစိုးရကို ဆန့်ကျင်ရေးသားသော ကြောင့် ထောင်ကျပြီးမှ ပြန်လွတ်လာသူကို ချက်ချင်းပြန်တမ်းဝင်အရာရှိ ခန့်သည်မှာ မတရားပါ” ဟု ဗိုလ်ချုပ်ကြီးထံ စာတင်သည်ကိုလည်း အတွင်းဝန်ဗိုလ်မှူးက ပြရှာပါသည်။
မိတ်ဆွေကောင်းတဦးဖြစ်သောကြောင့် သူ၏ လုပ်ဆောင်ချက်များကို သဘောမညီစေကာမူ ၀မ်းနည်းသဖြင့် အိမ်နိမ့်စံနေရစဉ်တွင် သွားရောက်တွေ့ဆုံ အားပေးမိပါသည်။ ခက်သည်မှာ သူ့အဖို့ ဒု-၀န်ကြီး ဖြစ်လုလု အဆင့်သို့တိုင် ရာထူးမြှင့်ခဲ့သူ ဖြစ်စေကာမူ ပင်ကိုယ်အရည်အချင်း မရှိရှာသောကြောင့် ပြင်ပလောကတွင် အလုပ်ရှာမရပါ။ “ဘာလုပ်စားရမလဲ မသိပါဘူး” ဟု သူက ညည်းရှာပါသည်။
တင်မောင်သည် စစ်ဗိုလ်ကြီးများ အာဏာရနေစဉ်က အနီကပ်ဆက်ဆံလေ့ မရှိစေကာမူ ရာထူးပြုတ်သွားချိန်တွင် သွားရောက်တွေ့ဆုံ အားပေးလေ့ရှိရာတွင် ရာထူးမရှိတော့သည်နှင့် သူတို့တတွေ ကြီးစွာ တုန်လှုပ်တတ်သည်ကို သတိပြုမိပါသည်။ စစ်တပ်တက်လာသဖြင့် ရာထူးပြုတ်ရသော အရပ်သားအစိုးရအရာရှိများသည် အံကိုခဲကာ မိမိပိုင်ဆိုင်သော ပညာနှင့် အသက်မွေးမည်ဟု ရဲဝံ့စွာ ရင်ဆိုင်လေ့ရှိကြသည်ကို မြင်တွေ့ရပါသည်။ စစ်ဗိုလ်ကြီးများ ဘောင်းဘီကျွတ်လျှင် ပုခုံးပေါ်မှ ကြယ်ကြွေသည်နှင့် တပြိုင်နက် သားကောင်လိုက်သော ကျားစင်စစ်အသွင်မှ ကြောင်လိုက်သဖြင့် ပုန်းနေရသည့် ကြွက်ငယ်အသွင်သို့ ပြောင်းလဲသွားသည်ကို မြင်ရလေ့ရှိပါသည်။ ဆင်ပိန်ရင် ကျွဲဟု ဆိုရိုးရှိပါသည်။ သူတို့ကမူ ဆိတ်ပေါက်စကလေးများအရွယ်ပင် မရှိကြတော့ပါ။ ယုန်ကလေး၊ ပူးကလေးများ ကဲ့သို့ ကြောက်လန့်တတ်ကြပါသည်။
ရာထူးရှိစဉ်က စစ်ရုံးတွင် ရုံးတက်သောအခါများတွင် ရုံးမှ ဆင်နားရွက်တံခါးကို မည်သည့်အခါမှ လက်နှင့် မဖွင့်ဘဲ ခြေထောက်နှင့်ကန်ကာ ဖွင့်လေ့ရှိသည်။ မာန်ဟုန်ပြင်းသည်ဟု ကျော်ကြားသော ဗိုလ်မှူးကြီးခင်ညိုမှာ အရပ်သား ဘ၀တွင် ရိုကျိုးသူတဦးဖြစ်နေသည်ကို တွေ့ရပါသည်။
တော်လှန်ရေးအစိုးရခေတ်တွင် မာန်ဟုန်အပြင်းဆုံး စစ်ဗိုလ်ကြီးမှာ ဗိုလ်မှူးတင်ဖေ ဖြစ်ပါသည်။ နေ့စဉ် ရန်ကုန် မြို့တွင်းသို့ ရုံးတက်ရန် ကားနှင့်လာသည့်အခါများတွင် လမ်းဆုံများ၌ မီးနီနှင့်ကြုံတိုင်း ဒေါသမီးပေါက်ကွဲကာ အော်ဟစ်ဆဲဆိုလေ့ရှိပါသည်။ ထို့ကြောင့် ဗိုလ်မှူးချုပ်တင်ဖေ ရုံးတက်ရန် လာသည့်အခါတိုင်းမှာ အထူးစစ်ကားများနှင့် လက်ပြရဲဌာနမှ ရဲကားများက မိနစ်အနည်းငယ် တင်ကြိုမောင်းပြီး မီးတိုင်များမှ မီးများကို စိမ်းပေးရပါသည်။
တနေ့တွင် တင်မောင်သည် ကုန်သွယ်ရေးကော်ပိုရေးရှင်း (၉) ရုံးချုပ်သို့ မဂ္ဂဇင်းသစ်များဝယ်ရန် သွားစဉ်တွင် စက္ကူ၊ ဖောင်တိန်၊ မင် စသည့် ပစ္စည်းဝယ်ယူသူများ တန်းစီသည့် ဧည့်သည်ခန်းတွင် ဗိုလ်မှူးချူပ်ဟောင်းတင်ဖေကို အရပ်ဝတ်အရပ်စားနှင့် တွေ့ရပါသည်။ ဗိုလ်မှူးချုပ်ကြီး၏ မျက်နှာတွင် မာန်မာနမတွေ့ရတော့ပါ။ သာမန်အရပ်သား တဦးအသွင်။ အတူထိုင်နေသော အခြားလျှောက်လွှာတင် အရပ်သားများကဲ့သို့ပင် အခန်းကို အုပ်ချုပ်သော ရုံးလုလင်လေးကို ရိုသေစွာ ဆက်ဆံသည်ကို မြင်ရပါသည်။ သတင်းထောက်တဦး ဖြစ်သဖြင့် မျက်နှာသိ များသောကြောင့် ရင်းနှီးစွာ နှုတ်ဆက်မိပါသည်။ ဗိုလ်မှူးချုပ်ဟောင်းကြီးက ပြန်ပြီး နှုတ်ဆက်ခြင်း မပြုဘဲ မျက်လွှာချထားပါသည်။ ယခင် ဗိုလ်မှူးချုပ်ကြီးနှင့် ယခု ဗိုလ်မှူးချုပ်ဟောင်းတို့သည် လူတယောက်တည်းသာ ဖြစ်သည်ဟု မယုံနိုင်လောက်အောင် ပြောင်းလဲနေပါ၏။ ရုံးစေကလေးကို အခန်းပြင်ဘက်သို့ ခေါ်ပြီး မေးရာ “လက်နှိပ်စက်ဝယ်ယူခွင့် လျှောက်လွှာတင်ဖို့ လာတာ” ဟု ဖြေပါ၏။
တနေ့တွင် တင်မောင်တို့ သတင်းစာဆရာများသည် အင်းလျားကန် ဟိုတယ်တွင် ဧည့်ခံပွဲရှိသဖြင့် ရုံးကားကြီးတစီးနှင့် စုကာ သွားကြပါသည်။ ဟိုတယ်အတွင်းသို့ အ၀င်တွင် နိုင်ငံခြားခရီးသည်တစု ထွက်လာသည်ကို အငှားကားမောင်းသူတစုက သူ၏ကားကို စီးပါ၊ ငါ၏ကားကို စီးပါဟု ဖောက်သည်ခေါ်ကြ၊ လုကြသည်ကို တွေ့မြင်ကြရပါသည်။ “ဟယ်… ဟိုမှာ” ဟု အာမေဋိတ် ထွက်လာပါသည်။ ထိုလူစုတွင် တင်မောင်တို့အဖွဲ့ ဥက္ကဋ္ဌဟောင်း ဗိုလ်မှူးဟောင်းကို တွေ့ရပါသည်။ သူ့ခမျာ တက္ကစီမောင်းနေရရှာပြီကိုးဟု သိရသဖြင့် ရင်ထဲတွင် ထုံကျင်သွားကာ မချိဝမ်းနည်း ဖြစ်မိပါသည်။ သူက နင်းသဖြင့် နာထားသော သတင်းစာဆရာများကမူ “ဘယ်နှယ့်ဗိုလ်မှူးကြီး” ဟု နှုတ်ဆက်ပါသည်။ သူရာထူးရှိစဉ်က ဗိုလ်မှူးသာ ဖြစ်ပါလျက် သူကြိုက်အောင် ဗိုလ်မှူးကြီးခေါ်ခဲ့ရသည်ကို ယခု အငှားကားသမားဘ၀တွင် ပြန်လည် ခေါ်ဝေါ်နှုတ်ဆက်ကြသည် မှာ ဂလဲ့စားချေသည်သာ ဖြစ်သည်ဟု သိလိုက်ပါသည်။ ထိုအခိုက်တွင် စစ်စုံထောက်ချုပ်ကြီး ဗိုလ်မှူးချုပ်တင်ဦး ရောက်လာရာ မျက်နှာပျက်သွားသည်ကို သတိပြုမိပါသည်။
တနည်းအားဖြင့် ကံကောင်းသွားပါသည်။ နောက်တနေ့တွင် ချက်ချင်းလက်ငင်း နိုင်ငံခြားကုမ္ပဏီတခုက ကုန်စည် ကိုယ်စားလှယ်အလုပ် ခန့်လိုက်ပါသည်။ စစ်စုံထောက်ရုံး၏ အစီအစဉ် ဖြစ်ပါသည်။ ကိုယ်စားလှယ်အလုပ် ဆိုသည်မှာ ပညာအရည်အချင်းမလိုပါ။ အလုပ်ပင်လုပ်ရန်မလိုဘဲ အိမ်တွင်အိပ်နေရင်း ၀င်ငွေကောင်းကောင်း ရသော လုပ်ငန်းဖြစ်ပါသည်။
မြန်မာနိုင်ငံတွင် နိုင်ငံခြားကုန်စည်မှန်သမျှတို့ကို အစိုးရကသာ ၀ယ်ယူလေရာ ကုန်စည်များ တင်သွင်းရောင်းချသော နိုင်ငံခြားကုမ္ပဏီတိုင်း မြန်မာတဦးကို ကိုယ်စားလှယ်ခန့်ရပါသည်။ ကိုယ်စားလှယ် မရှိက အစိုးရက မ၀ယ်သဖြင့် ကိုယ်စားလှယ်များ ခန့်ကြရရာတွင် စစ်စုံထောက်ရုံးမှ ထောက်ခံသူကိုသာ ခန့်ထားရပါသည်။ အလုပ်လက်မဲ့ ဗိုလ်လူထွက်များကိုသာ စစ်စုံထောက်ရုံးက ထောက်ခံပါသည်။ ဗိုလ်လူထွက် တို့သည် များသောအားဖြင့် ပညာအရည်အချင်းမရှိကြသဖြင့် ကုန်စည်တင်သွင်းရန် တင်ဒါတင်ခြင်း၊ ဈေးနှုန်း တက်ခြင်းတို့ကို မလုပ်နိုင်ကြပါ။ ထိုကြောင့် နိုင်ငံခြားကုန်သည်ကြီးများက အရပ်သားကျွမ်းကျင်သူများကို လက်ထောက်စာရေးအဖြစ် ပူးတွဲခန့်ထားကြရပြန်ပါသည်။ အလုပ်လုပ်ရန်ရှိသမျှကို အရပ်သားကျွမ်းကျင်သူများက လုပ်ကိုင်စေပြီး တရားဝင်ကိုယ်စားလှယ် ဗိုလ်လူထွက်များက လက်မှတ်ထိုးပေးရုံနှင့် အခကြေး ရယူကြပါသည်။ စစ်ဗိုလ်လူထွက်များအတွက် မိုက်ကြေးခွဲလုပ်ငန်းသာ ဖြစ်ပါသည်။ စာရေးသူ၏ မိတ်ဆွေ အတွင်းဝန်ပြုတ်အဖို့ အတွင်းဝန်လုပ်ရသည်ထက် ဇိမ်ကျနေပါတော့သည်။ အလုပ်မလုပ်ဘဲ ခေါင်းပုံဖြတ်ရသော အလုပ်ထက် ကောင်းသောလုပ်ငန်းမရှိပါ။ အပြစ်ကြောင့် ထုတ်လိုက်သော စစ်ဗိုလ်လူထွက်များအတွက် ဗိုလ်နေ၀င်းက တီထွင်သော စနစ်ဖြစ်ပါသည်။
ဗိုလ်မှူးချုပ်တင်ဖေအား မြို့လယ်မှ အကောင်းဆုံးမြေကွက်နှင့် သစ်ခွဲစက်လုပ်ငန်း၊ မဂ္ဂဇင်းထုတ်ဝေမှုလုပ်ငန်း၊ ဗိုလ်မှူးကြီးစောမြင့်နှင့် ဗိုလ်မှူးသန်းညွန့်ကို မဂ္ဂဇင်းထုတ်ဝေခွင့်လုပ်ငန်းနှင့် အခြားလုပ်ငန်းများကို ပေးထားပါသည်။ ဗိုလ်နေ၀င်းက စစ်ဗိုလ်မှန်သမျှ အရပ်သားများထက် ချမ်းသာစေရမည်ဟူသော မူနှင့် ထောက်ပံ့သည်မှာ တနည်းအားဖြင့် ဗိုလ်နေ၀င်း၏ အပြစ်များကိုသိရှိသူ၊ ရိပ်မိသူရှိပါက ပြန်မပြောလေအောင် နှုတ်ပိတ်ချွေးသိပ် သည်လည်း ဖြစ်ပါသည်။ ။