Thursday, February 25, 2010

ဆွီဒင်သို့ အလည်တခေါက်

ဟိုတလောက ဂျာမနီနိုင်ငံနှင့် ပတ်သက်သည့် သတင်းတခု ဖတ်လိုက်ရသည်။ ဂျာမနီ၌ လူရှစ်ဦးတွင် တဦးသည် စားနိုင်သောက်နိုင်ရုံအဆင့်သာ ရှိသည်ဟူ၍ ဖြစ်သည်။ တကယ်တော့ ဂျာမနီနိုင်ငံသည် ကမ္ဘာ့စီးပွားရေးအင်အားကြီးနိုင်ငံဖြစ်သော်လည်း လတ်တလော ကမ္ဘာ့စီးပွားပျက်ကပ်၏ ဒါဏ်ကို ခံနေရသောကြောင့်သာ အလုပ်လက်မဲ့ဦးရေ များပြားလာပြီး လူတဦးချင်းဝင်ငွေ ကျဆင်းလာပုံရ၏။
စာရေးသူ ယမန်နှစ် ဧပြီလက ဂျာမနီနိုင်ငံ ဟမ်းဘာ့ဂ်မြို့သို့ အလည်ရောက်ရှိနေသည်။ စာရေးသူ တည်းခိုသည့် အိမ်ရှင် ကိုဗလကြီး (ခေါ်) ကိုသောင်းညွှန့်က သူနေသည့် ရပ်ကွက်အတွင်းရှိ ဈေးဆိုင်များ၊ ကုန်တိုက်များကို လိုက်လံပြသစဉ် မိမိအား ပြောသည့် စကားတခွန်းကို အမှတ်ရနေသည်။ ကိုဗလကြီး ဂျာမနီကို ရောက်နေတာ ၇ နှစ် ရှစ်နှစ်ဝန်းကျင်ခန့်ရှိပြီဖြစ်သည်။ `ကျနော်တို့ ရောက်ကာစ ဂျာမနီမှာ အိမ်တွေက အသုံးမလိုတော့လို့ လွှင့်ပစ်တဲ့ ရေခဲသေတ္တာ၊ တီဗီ၊ အောက်စက် တွေဟာ နေရာအနှံ့တွေ့ရတယ်။ အခုတော့ အဲဒီလိုလွှင့်ပစ်တာမျိုး သိပ်မတွေ့ရတော့ဘူး` ဟု ကိုဗလကြီး ပြောပြဖူးသည်။
ပြီးခဲ့သည့် လက ကျနော်ဆွီဒင်နိုင်ငံသို့ ကိစ္စတခုဖြင့် အလည်ရောက်ရှိသည်။ ကျနော်အဓိက သွားသည့် ကိစ္စ ဆောင်ရွက်ပြီး၍ ဒိန်းမတ်သို့ အပြန်၌ မြန်မာတွေနေသည့် Hallsberg မြို့တွင် တညအိပ်ဖြစ်သည်။ ကျနော်တည်းသည့် အိမ်ရှင် ကိုသိန်းစိုး (ကျောင်းသားတပ်မတော်ရဲဘော်ဟောင်း) က သူတို့မြို့ရှိ မြန်မာမိသားစုတွေ နေထိုင်ရာ အခန်းများသို့ ကျနော်ကို အလည်ခေါ်သွား မိတ်ဆက်ပေးသည်။ Hallsberg တွင် မြန်မာမိသားစု ၁၀ စုခန့်ရှိကြောင်း ကျနော်တို့အား ထမင်းစားဖိတ်ထားသည့် အိမ်သို့သွားရင်း ကိုသိန်းစိုးက လမ်းတွင် ရှင်းပြသည်။ ထမင်းစားဖိတ်ထားသည့် အိမ်တွင် စားသောက်ပြီးနောက် နှုတ်ဆက်စကားများပြောကြားပြီး ဒုတိယအိမ်သို့ အလည်သွားကြသည်။ ဒုတိယအိမ်တွင်လည်း အိမ်ရှင်များက လက်ဘက်ရည်ချော၊ လက်ဘက်သုတ်၊ ရေနွေးကြမ်းများဖြင့် ဧည့်ခံသည်။ ဒုတိယအိမ်မှ တတိယအိမ်သို့အ၀င် အပတ်မင့်၏ အောက်ထပ်တွင် ပစ်ထားသော ပစ္စည်းများက ကျနော့်အား ကင်မရာကို ထုတ်၍ ဓါတ်ပုံရိုက်ရန် ဆွဲဆောင်လျှက် ရှိသည်။



ပုံတွင် မြင်ရသည့်အတိုင်း အခန်းအပြင်တွင် ပစ်ထားသည့် ပစ္စည်းများသည် ဂျာမနီက ကိုဗလကြီးတို့ဆီမှာပင် မမြင်ရတော့သည့် မြင်ကွင်းဖြစ်နေသည်။ တီဗီအဟောင်းနှင့် အောက်စက်ကို လွှင့်ပစ်ထားနိုင်သော ဆွီဒင်နိုင်ငံ၏ စီးပွားရေးကား ဥရောပ၏စက်မှုအင်အားကြီး ဂျာမနီထက်ပင် ပို၍ သာနေသေးတော့သည်။
ထိုနေ့က အိမ်လည်ပြီး ကိုသိန်းစိုးတို့အိမ်အပြန် လမ်းတွင် ချထားသည့် ဆွီဒင်စာနှင့် ဆိုင်းဘုတ်အကြောင်း မေးကြည့်ရာ တိုက်အမြင့်များပေါ်တွင် ရှိနေသောရေခဲများ အောက်သို့ ပြုတ်ကျကာ အန္တရာယ်ရှိနိုင်သဖြင့် သတိထားရန် ဖြစ်ကြောင်းနှင့် တခါတရံတွင် ထိုသို့ ရေခဲများပြုတ်ကျသဖြင့် လူအသေအပျောက်ရှိကြောင်း ကိုသိန်းစိုးက ရှင်းပြပါသည်။



နောက်တနေ့ Hallsberg မှ Stockholm သို့ မီးရထားဖြင့် ဒိန်းမတ်သို့ပြန်ရန် ရောက်ရှိလာပြီး၊ လေယာဉ်ကွင်းဆင်းရန် အချိန်စောသေးသဖြင့် စတော့ဟုမ်းမြို့တွင် ဟိုဟိုဒီဒီ လျှောက်ကြည့်မည် ကြံစည်ထားသော်လည်း ရေခဲတမျှ အေးစက်နေသော မြို့တော်မှာ အထူးတလည် ကြည့်စရာ ဘူတာအနီးအနား တွင် ရှာမတွေ့သဖြင့် ဘူတာကြီးနှင့် ကားဂိတ်အတွင်းမှာပဲ အချိန်အတန်ကြာ နေခဲ့ရပါတော့သည်။ ။


စတော့ဟုမ်းမြို့က ဆူရှီဆိုင်


ရေခဲတမျှ အေးစက်နေသောမြို့တော်


အဝေးပြေးကားဂိတ် (စတော့ဟုမ်း)

Monday, February 15, 2010

စက်မှုသင်တန်းကျောင်း (ဆင်တဲ) တက်စဉ်က

(ကျနော်တို့ စက်မှုသင်တန်းကျောင်း (ဆင်တဲ) ကျောင်းဆင်းများ၏ ဖိုရမ်အတွက် ရေးသားခြင်းဖြစ်သော်လည်း ဘလော့ဂ်အတွက် သီးသန့်ရေးနိုင်ခြင်း မရှိသေးသည့်အချိန် ပို့စ်တခုနှင့်တခုကြား အချိန်အရမ်းမကြာစေလိုသည့် ဆန္ဒဖြင့် ဘလော့ဂ်တွင်လည်း ဖော်ပြလိုက်ပါသည်)

၁၉၆၄ ခု ဖေဖေါ်ဝါရီလမှာ မွေးတဲ့ စာရေးသူဟာ စက်မှုသင်တန်းကျောင်း (ဆင်တဲ) ကိုတက်တော့ ၁၆ နှစ်တောင် မပြည့်သေးပါဘူး။ ဒါပေမယ့် ဘ၀တခုလုံးအတွက် အရေးပါမယ့် ဆုံးဖြတ်ချက်တခုကို မိမိဖာသာ ဆုံးဖြတ်ခဲ့ရဘူးပါတယ်။ အဲဒါကတော့ စက်မှုကျောင်းတက်ပြီးလို့ လေးလအကြာ Basic Training ကာလအတွင်းမှာပဲ ဖြစ်ပါတယ်။ (သုံးနှစ်တက်ရတဲ့ စက်မှုသင်တန်းကျောင်း (ဆင်တဲ) မှာ ပထမခြောက်လကို Basic Training လို့ သတ်မှတ်ပြီး စက်မှုအခြေခံလုပ်ငန်းတွေဖြစ်တဲ့ တံစဉ်းတိုက်ခြင်း၊ လွှဖြတ်ခြင်း၊ အပေါက်ဖောက်ခြင်း စတာတွေကို သင်ပေးတာပါ)
တချို့သင်တန်းတွေက Basic Training ကို လေးလပဲ တက်ကြမှာမို့ ဘယ်သူတွေ ဘယ်ဘာသာရပ်ကို အဓိကသင်မလဲဆိုတာ ဆုံးဖြတ်ကြဖို့ ဆရာဦးဟန်စိန်က အားလုံးကို အလှည့်ကျခေါ်ယူပြီး သီအိုရီဆောင်မှာ ရှင်းပြပေးပါတယ်။ အဲဒီမှာ အများစု စိတ်ဝင်စားနေတာကတော့ အော်တိုမက္ကင်းနစ် လို့ခေါ်တဲ့ မော်တော်ယာဉ်သင်တန်းပါပဲ။ စာရေးသူတို့ဟာ အိမ်ကိုလည်း ဆက်သွယ်လို့ရတာမဟုတ်တော့ သင်တန်းတွေနဲ့ ရှေ့အလားအလာတွေကို ဆရာတွေကိုပဲ ချဉ်းကပ်မေးမြန်းကြရပါတယ်။ တချို့လည်း ကစလ (အကြီးစားစက်မှုလုပ်ငန်းကော်ပိုရေးရှင်း) မိသားစုတွေထဲက လာတာဆိုတော့ သူတို့ကတဆင့် ပြန်ပြောပြတာတွေကိုလည်း ထည့်စဉ်းစားရပါတယ်။ စာရေးသူက ကစလ ကဖွင့်တဲ့ သင်တန်းကျောင်းကိုသာ တက်ဖြစ်တာ မိဘတွေက ကစလ က မဟုတ်ပါဘူး။
စာရေးသူဟာ လူကြိုက်များနေတဲ့ မော်တော်ယာဉ်သင်တန်းကို အဓိကထား မလျှောက်ဘူးလို့ ဆုံးဖြတ်ပါတယ်။ ဘာကြောင့်လဲ ဆိုတော့ လူအများစုမှာ ၀င်တိုးရမှာရယ်၊ Basic Training က အမှတ်တွေကို ကြည့်ပြီး လူရွေးမယ်ဆိုရင်လည်း ကိုယ့်လက်ရာတွေက သိပ်ကောင်းတာမဟုတ်လို့ရယ်ပါ။ နောက်တခုက ကစလ မှာ မော်တော်ယာဉ်နဲ့ နိုင်ငံခြားသွားရတာ အရမ်းနဲတယ်လို့ ကြားတဲ့အချက်ကိုလည်း ထည့်စဉ်းစားလိုက်လို့ပါ။ နိုင်ငံခြားသွားချင်တဲ့စိတ်က အဲဒီမှာကတည်းက ရှိနေခဲ့ပါတယ်။
နောက်တခါ တွင်ခုံနဲ့ Tools and Die ကို ကျပြန်တော့လည်း အလုပ်သမားဖြစ်တဲ့အခါ တနေကုန် ခြေညောင်းခံပြီး စက်ကိုင်ရမှာမို့ မလိုချင်ပြန်ဘူး။ တနေရာထဲ အပြောင်းအလဲမရှိ နေရတာကို စာရေးသူရဲ့ အတွင်းစိတ်သဘာဝက မလိုလားခဲ့တာပါ။
လျှပ်စစ်ကို ကျပြန်တော့လည်း လျှပ်စစ်ဆိုတာ ကိုယ်မြင်ရတာမဟုတ်ဘူး။ ဓာတ်တွေဘာတွေ လိုက်ရင် မလွယ်ဘူး ဆိုတဲ့ ခလေးသာသာ အတွေးနဲ့ပယ်လိုက်ပြန်တယ်။
စာရေးသူတို့ အပတ်စဉ် (၁) မှာ Pattern Maker နဲ့ ပုံဆွဲဘာသာရပ်တွေက အဆင်သင့်မဖြစ်သေးလို့ သင်တန်းတွေ မစသေးပါဘူး။
အဲဒါကြောင့် စာရေးသူ ရွေးချယ်ဖို့ကျန်တာကတော့ Machinery Fitter လို့ခေါ်တဲ့ စက်ရုံပစ္စည်းဖစ်တာ သင်တန်းပါပဲ။ ဆရာဦးဟန်စိန်ရှင်းပြတဲ့ ဖစ်တာအတွက် သင်ရိုးညွှန်းတန်းမှာ ဂဟေဆော်တာရယ်၊ sheet metal နဲ့ forging လုပ်ငန်းတွေအပြင် တွင်ခုံ ၃ လ၊ အခြေခံ လျှပ်စစ် ၃ လ၊ မော်တော်ယာဉ်မှာ ၃ လ သင်ကြားရမှာဖြစ်ပြီး စက်ရုံလက်တွေ့ မသွားခင် ခြောက်လအလိုမှာ Productive repair ဆိုပြီး စက်ပစ္စည်းတွေပြုပြင်တာကို သင်ကြားရမယ်ဆိုတာတွေ ပါပါတယ်။ တနေရာထဲ ငြိမ်ငြိမ်မနေချင်တဲ့ စာရေးသူနဲ့တော့ အကိုက်မို့ အဲဒါကိုပဲ ယူဖို့ ဆုံးဖြတ်ခဲ့တာပါ။ ဒါပေမယ့် စာရေးသူတို့ နှစ်မှာ Productive repair ခြောက်လက ဘာမှန်းမသိပဲ ကျောင်းသူတွေ နေမယ့် အပျိုဆောင်ကို ရေပိုက်ဆင်ပေးခဲ့ရတာပါပဲ။ နောက်တော့ ဆရာတွေအိမ်မှာ ရေပိုက်ပြင်တာ၊ အဆောင်တွေမှာ အိမ်သာရေဆွဲရင် ရေမကျတာတွေကို ပြင်ရင်း စက်ရုံပစ္စည်းဖစ်တာကနေ ပိုက်ဖစ်တာ ဖြစ်မှန်းမသိ ဖြစ်သွားခဲ့ရပါသေးတယ်။ ဒါပေမယ့် တွင်ခုံ၊ လျှပ်စစ်၊ မော်တော်ယာဉ် စတဲ့ သင်တန်းတွေကို အခြေခံ နဲနဲစီ သိထားတဲ့ စာရေးသူတို့တွေဟာ သင်တန်းပြီးလို့ သထုံတာယာစက်ရုံကို တာဝန်ကျတဲ့အခါ ထွန်းဦး၊ ကံကောင်း၊ စောဝင်းမော် (ကျောင်းသားတပ်မတော် ABSDF ကျဆုံး) နဲ့ စာရေးသူတို့က ပိုက်လိုင်းတွေဆင်ရတဲ့ ပိုက်ဖစ်တာ၊ ထိန်ဝင်းက structure တွေဆင်ရတဲ့ steel fabricator ၊ သန်းညွှန့်က Ventilation လိုင်းတွေလုပ်ရတဲ့ sheet metal expert နဲ့ ၀ါဇီပြောင်းသွားတဲ့ ထွန်းထွန်းဦးက Machine tools မှာ တာဝန်ကျပြီး machine expert ၊ ခင်မောင်အေး၊ စိုးနိုင် (ကွယ်လွန်) တို့ကတော့ စက်တွေ installation လုပ်ရတဲ့ ဖစ်တာတွေ ဖြစ်လာကြပြီး၊ ထူးခြားသူ အောင်နိုင်ဦးတယောက်ကတော့ ဟိုဌာနရောက်ဒီဌာနရောက်နဲ့မို့ ယောင်နိုင်ဦး လို့ပဲ ဆိုရပါလိမ့်မယ်။ (အောင်နိုင်ဦးကို ထူးခြားသူလို့ ဆိုရတာက သူဟာ အိုင်တီစီကို စိတ်နာလို့ပါ၊ နောက်မှ သူ့အကြောင်းရေးပါအုံးမယ်)
တကယ်တော့လည်း စာရေးသူအနေနဲ့ ငယ်စဉ်ဘ၀ ဘာသာရပ်တွေ ရွေးချယ်စဉ်က ဘာကိုမှ သေသေချာချာသိလို့ ဆုံးဖြတ်ခဲ့တာမဟုတ်ပါဘူး။ အခုနေပြန်တွေးတော့ ဒီသင်တန်းကို ယူမိလို့ ဒီလိုတွေ ဖြစ်ခဲ့တာ၊ တခြားဟာတခုခုဆို ဒီလိုတွေဖြစ်လာချင်မှ ဖြစ်လာလိမ့်မယ်လို့ စဉ်းစားမိပြန်ပါတယ်။
ဘ၀မှာ အ၀ိဇ္ဇာတည်းဟူသော မသိမှုနဲ့ ရမ်းလာလိုက်တာ နောင်ကိုလည်း ဘယ်လောက်အထိ ကြုံသလိုစခန်းသွားနေရအုံးမလဲ ဆိုတာကိုတော့ ငွေရောင်ပိတ်ကားပေါ်မှာသာ စောင့်ကြည့်ကြပါလို့ ပြောရင်း နားပါအုံးမည်။ ။