Saturday, February 28, 2009

(၂၆) ထောင်နန်းစံသတင်းစာဆရာများ (ကြေးမုံဦးသောင်း)

ဇူလိုင်လကုန်က စတင်ကာ ဆက်တိုက် စွေနေခဲ့သော ရန်ကုန်မိုးသည် ယနေ့ ၁၉၆၄ ခု၊ သြဂုတ်လ (၂၀) ရက်နေ့တွင်မှ ရပ်စဲသွားခဲ့လေသည်။ မမြင်မတွေ့ရသည်မှာ ကြာပြီဖြစ်သည့် နေခြည်ပြောက်ကလေးတခုက ပြူတင်းပေါက်မှ ၀င်လာပြီး တင်မောင်၏ ပါးကို တိတ်တခိုး နမ်းရှုံ့သောကြောင့် အိပ်ရာမှ နိုးရသည်။ နေခြည် ပြောက်ကလေးအား ပါးနှစ်ဘက်စလုံးအပ်ပြီး နွေးထွေးသည့် အတွေးကို ခံစားရသော အရသာက ထူးကဲလှသည်။
စာရေးဆရာ ရွှေတောင်သီဟသူ၏ ရတနာကြေးမုံဝတ္ထုထဲမှ နုနယ်သည့် ဝေဠုမြတ်စွာ မင်းသမီးကလေးအဖို့ စံနန်းတွင် အပ်နဖားခန့် ပေါက်နေသော ကန့်လန့်ကာမှတဆင့် ဇီးရွက်ခန့် နေပြောက်ထိုးသဖြင့် မူးမေ့သွားရှာ သည်။ ရင့်ရော်ကြမ်းတမ်းသော မိမိမှာ နေပြောက်ဒဏ်ကို မမှုပေ။ ကြာမြင့်စွာ စိတ်ကူးမယဉ်လိုက်ရပါ။ နေပွင့် နေပန်းကလေးကို စိတ်ကူးယဉ်နေခိုက်တွင် အိပ်ခန်းတံခါးကို အိမ်စေတဦးက ခေါက်လာသည်။ “အောက်ထပ်မှာ ဧည့်သည်နှစ်ယောက် ရောက်နေတယ်။ တွေ့ချင်လို့တဲ့” ဟု ပြောသည်နှင့် တမဟုတ်ချင်း သိလိုက်သည်။ အဖမ်းခံ ထိလေပြီဟု စက္ကန့်မဆိုင်း သိလိုက်မိ၏။ ဤအချိန်သည် ဧည့်သည်လာချိန်မဟုတ်၊ ညကတညလုံး အိမ်ကို ၀ိုင်းကာ အစောင့်ချထားပြီး အိပ်ပျော်နေသူ သားကောင်ကို နှောင်ကြိုးတည်းမည့် သူတစုတို့၏ အချိန်အခါ ဖြစ်ချေသည်။ မြန်မာတနိုင်ငံလုံးတွင် ယခုကဲ့သို့ မမျှော်လင့်သော ဧည့်သည်များ ရောက်လာပြီး ဗိုလ်ကြီးက ဆွေးနွေးစရာ ရှိသည်ဟု ပြောကာ ခေါ်သွားရာမှ ပြန်မလာနိုင်သူများ ပေါများလှသည်။ မိသားစုတိုင်း လိုလို ကြုံတွေ့ရသည်။
အိပ်ရာဘေးရှိ စားပွဲပေါ်မှ သတင်းစာပုံကြီးကို ပြန်ကြည့်မိသည်။ ထူးခြားသည့် သတင်းများ မပါပေ။ ထက်ထက် မြက်မြက် ရေးရန်မရှိ၊ ညံ့ဖျင်းသော သတင်းစာများသာ ဖြစ်သည်။ မည်သည့်သတင်းကို ဗိုလ်ချုပ်ကြီးက မကျေနပ်သဖြင့် ဧည့်သည်လာလေသလောဟု အဖြေကို ရှာ၏။ မတွေ့ပါပေ။ ထင်သည့်အတိုင်းပင် အောက်ထပ် ဆင်းသွားသောအခါ အထူးစုံထောက်ဌာနမှ ထိပ်သီးအရာရှိကြီး ဦးပြူးနှင့် အခြားရဲကြီးတဦးကို တွေ့ရသည်။
“ဆွေးနွေးဖို့ လိုက်ခဲ့ရမယ် မဟုတ်လား၊ ခင်ဗျားတို့က သူတို့ကို ဘယ်လို မဟုတ်သတင်းတွေ ရေးပေးထားသလဲ ဗျာ” ဟု ဦးပြူးကို မေးမိသည်။ သတင်းထောက်နှင့် ရဲတို့မှာ ဆက်ဆံမှု ကြာမြင့်ပြီမို့ ရင်းနှီးသည်။ အချင်းချင်း စကားပြောကြလျှင် စစ်ဗိုလ်များကို “သူတို့” ဟု နာမ်စားဝေါဟာရကို သုံးလေ့ရှိကြသည်။ “ဘာသတင်းမှ မပေးရ ပါဗျာ။ ကျနော်တို့ ဘာမှ မသိရပါဘူး” ဟု ဦးပြူးက လျင်မြန်စွာ ဖြေပြီး လက်တဘက်ကို နှာခေါင်းဘေးသို့ ကပ်ကာ လိမ်ပြသည်။ နှုတ်ခမ်းမွှေးပုတ်ပြသည်။ နာမည်ကျော် နှုတ်ခမ်းမွှေး စစ်စုံထောက် ဗိုလ်မှူးကြီးလွင်က ဖမ်းရန် စေလွှတ်ပါသည်ဟု အသံတိတ် ရှင်းပြသည်။
“စောင့်ပါဦးဗျာ၊ ရေချိုးပါရစေဦး” ဟု ပြောကာ အိမ်ပေါ်ပြန်တက်ခဲ့ပြီး အဖမ်းခံတဦးကို တွေ့သည်နှင့် မျက်စိ အောက်က အပျောက်မခံစေနှင့်ဟု အမိန့်စည်းမျဉ်းရှိစေကာမူ ဦးပြူးက အားနာဟန်တူသည်။ အိမ်ပေါ်သို့ လိုက်မလာဘဲ အောက်ထပ်မှာပင် စောင့်နေရှာ၏။
“ကျနော့်ကို လာဖမ်းကြပြန်ပြီ။ ကူပါဦး၊ ကယ်ပါဦး” ဟု ဗိုလ်ချုပ်နေ၀င်းထံ စာတစောင်ရေးပြီး အိမ်ရှင်မကို အပ်ထားခဲ့ပြီးမှ ဖတ်လိုသော စာအုပ်များနှင့် ဆေးဝါးအ၀တ်များကို အိတ်တလုံးတွင် ထည့်ကာ ဦးပြူးနောက်သို့ လိုက်ခဲ့သည်။
ရဲနှင့် စစ်တပ်တို့သည်* ဖိယက်ကားငယ် နောက်ခန်းတွင် (၃) ယောက်ထိုင်ရသည်။ သူတို့က ညှပ်ထိုင်ကြပြီး ”စည်းကမ်းအတိုင်းပဲဗျို့” ဟု ဦးပြူးက ရယ်သွမ်းသွေးသည်။ မျက်နှာသိကို ဖမ်းရသဖြင့် အားနာဟန်တူ၏။ စကား မပြောဘဲ ရေငုံနေရာမှ “ထောင်ထဲမှာ သုံးဖို့ ငွေပါရဲ့လား” ဟု မေးသဖြင့် မပါခဲ့ကြောင်း ဖြေသောအခါ ငွေ (၅၀) ကျပ် ချေးရှာသေးသည်။
ရဲကြီးတို့က ဘောင်ဒရီလမ်း၊ စစ်စုံထောက်ရုံးကို ခေါ်သွားပြီး တာဝန်ကျ စစ်ဗိုလ်ထံ အပ်နှံကာ ပြန်သွားကြသည်။ ထိုအချိန်တွင်မှ ၀မ်းဟာလာသဖြင့် ”နံနက်စာ လက်ဖက်ရည် တိုက်ပါလားဗျာ၊ မုန့်ကလေး ပဲကလေးကော မရဘူးလား” ဟု တောင်းရာ စစ်ဗိုလ်က အံ့သြဟန် ပြုံးကြည့်ပြီး လက်ဖက်ရည်နှင့် မုန့်ကျွေးလေသည်။ စစ်အချုပ် ထောင်မှ လက်ဖက်ရည်သည် ရန်ကုန်ထိပ်သီးဆိုင်များထက် သာပါ၏။
နံနက် (၉) နာရီခန့်တွင်မှ ဘက်ဖို့ဒ် ကုန်တင်ကား၏ နောက်ခန်းထဲတွင် တယောက်တည်းထည့်ကာ သော့ခတ် လိုက်သည်။ အရှေ့ခန်းမှာ တပ်ကြပ်ကြီးက ကားမောင်းပြီး ဗိုလ်ကြီးတဦးက ဘေးမှ လိုက်ပါလာကာ ပြည်လမ်း၊ အင်းစိန်လမ်းဘက်သို့ မောင်းရာ တနာရီခန့် ကြာသည်။ အင်းစိန်အ၀င် မီးရထားလမ်းဆုံတွင် နာရီဝက်ခန့် စောင့်ရ သေးသဖြင့် ပိုမိုကြာသည်။ ကားက တချုတ်ချုတ် ခုန်သည်။ ထိုင်စရာ ထိုင်ခုံမပါသဖြင့် စကောထဲမှ ကွမ်းသီးကဲ့သို့ လိမ့်နေ၏။ “ပန်းသာမောင်မောင်က မစာဥကို လှည်းယာဉ်နှင့် ဒုန်းရိုက်ကာ ခေါ်စဉ်က ကောက်ရိုးပေါ်တွင် ဖျာကြမ်း၊ ဖျာကြမ်းပေါ်တွင် သင်ဖြူး။ သင်ဖြူးပေါ်တွင်မှာ ကော်ဇောခင်းထားသဖြင့် လိမ့်လူးနေသည့် ဥခမျာ မောင်မောင်၏ ခါးကို ဖက်ရရှာ၏” ဟု ပန်းသာ မစာဥ၀တ္ထုတွင် ဆရာသခင်ဘသောင်းက စာဖွဲ့သည်ကို သတိရ မိကာ ပြုံးမိသေးသည်။
ကားနံရံ၊ သံချွန်ပေါက်များမှ ပြင်ပလောကကြီးကို ချောင်းကြည့်လိုက်မိမှ အတွေးမြင် ရပ်တန့်သွားသည်။ ကျောင်းသွားကြသည့် ကျောင်းသူကျောင်းသားများ၊ အလုပ်ခွင်သွားကြသူများ၊ ဈေးဝယ်ထွက်သူများတို့ နိစ္စဓူဝ ပြုလုပ်သွားလာနေကြသည်ကို တွေ့ရသည်။ ဤတွင်မှ မိမိ၏ လွတ်လပ်ရေးဆုံးရှုံးသွားပြီဟူသည့် အသိကြောင့် တုန်လှုပ်မိသည်။ စောစောက ဦးပြူးနှင့် ရယ်သွမ်းသွေးခဲ့တာ၊ ဗိုလ်ကြီးထံက လက်ဖက်ရည်သောက်ခဲ့စဉ်က ချိုခါး အရသာကို ခံစားခဲ့ရသည်မှာ မြွေပေါက်ခံရသူ၊ သေနတ်မှန်သူများအဖို့ သွေးပူနေသဖြင့် အနာဒဏ်ချက်ကို မသိရသေးသကဲ့သို့ မိမိတွေ့ရသည့်ဘ၀ကို သတိမပြုမိခဲ့ပေ။ တဖြည်းဖြည်း အနာပေါ် လာသကဲ့သို့ ခံစားမှု အရသာများ ပျက်သွားကာ စိတ်နာပြီး ဒေါသလွှမ်းလာတော့သည်။
လုယက်မှု၊ ခိုးမှုမှ လူသတ်မှုအထိ ရာဇ၀တ်မှု ကျူးလွန်ခဲ့သူဖြစ်ပါက မိမိကျူးလွန်ခဲ့သော ရာဇ၀တ်မှုအတွက် ဖမ်းဆီးခြင်း ခံရသည်ဖြစ်သဖြင့် ၀မ်းနည်းကောင်း ၀မ်းနည်းပေးလိမ့်မည်။ နောင်တလည်း ရနိုင်သည်။ စာရေးသူ အဖို့ ကောင်းသော အသက်မွေးမှုကို ရိုးသားစွာ ကျင့်ဆောင်လုပ်ကိုင် စားသောက်နေသူဖြစ်ပါလျက် ယခုကဲ့သို့ အလုံပိတ်ကားနှင့် တင်ကာ ထောင်သို့ပို့သည်မှာ မတရားသော အမှုဖြစ်သည်။ စာရေးသူသည် ၀မ်းမနည်းပါ။ စိတ်အား မငယ်ပါ။ ဒေါသအမျက်သာ တခြောင်းခြောင်းထွက်မိသည်။ သို့သော် ဗုဒ္ဓဘာသာ စစ်စ်ဖြစ်သော စာရေးသူသည် ကလဲ့စားချေခြင်းကိုလည်း ရှောင်ကြဉ်သူ ဖြစ်လေရာ ယခုကဲ့သို့ ပေါက်ကွဲသော ဒေါသကို ထိန်းသိမ်းနိုင်ခဲ့လေသည်။
တော်လှန်ရေးအစိုးရတက်လာချိန်မှ စတင်ကာ အမှန်တရားကို ရေးသားခွင့် ဆုံးရှုံးသဖြင့် နာကြည်းနေခဲ့သည်မှာ ကြာပြီ ဖြစ်သည်။ “ငါတို့အဖို့ တသက်လုံး ဒီလိုခံနေကြရမှာလား” ဟု အံကြိတ်နေသည်မှာ ကြာလေပြီ။ သင်္ခါရတရား လာရမည်မှာ မုချ ဖြစ်သည်။ ယခုကဲ့သို့ မတရားခံရသူတို့၏ အကြောင်းကို တကမ္ဘာလုံးသိအောင် ရေးသားနိုင်သည့် ခေတ်ကို ရောက်ရမည်မှာ မုချဖြစ်သည်။ “ထမင်း၀၀စားထားကြဟေ့” ဟု အသံထွက် ကြိမ်းဝါး မိသည်။
အင်းစိန်ထောင်သို့ ရောက်သောအခါ “ဆိုရှယ်လစ်လောက တည်ဆောက်ကြစို့” ဟု ရေးထားသည့် ဆိုင်းဘုတ် ပြာကြီးတခုကို စတင်မြင်ရသည်။ အင်္ဂလိပ်စာရေးဆရာကြီး ဂျော့ဘားနဒ်က ထောင်တခုကို ရောက်သွားစဉ်က ထောင်ဗူးဝ၌ “မကောင်းမှုကို ရပ်တန့်လော့။ ကောင်းမှုကို သင်ကြလော့” ဟု ရေးထားသည်ကို မြင်ရသောအခါ “ထောင်အပြင်ဘက်မှာ ရေးသားထားတာမို့ ထောင်ထဲက အကျဉ်းသားတွေ ဖတ်ရှုခွင့်မရှိပေ” ဟု ရေးသားသည်ကို သတိရမိသည်။
အင်းစိန်ထောင်ကြီးကို အင်္ဂလိပ်နယ်ချဲ့သမားများက ၁၈၈၇ ခုနှစ်က စတင်တည်ဆောက်သည်။ အင်္ဂလိပ်စစ်တပ် များကို အန်တုခြားနားသူ မြန်မာမျိုးချစ်သူပုန်များကို ညှဉ်းဆဲချုပ်နှောင်ရန် ဆောက်လုပ်ခဲ့ရာတွင် သူပုန်မျိုးဆက်က အဆက်မပြတ် ကြီးထွားလာခဲ့သဖြင့် အကြိမ်ကြိမ်ချဲ့ခဲ့ရသည်။ ၁၉၁၂ ခုနှစ်တွင်မူ အာရှ၌ အကြီးဆုံးထောင်ကြီး ဖြစ်လာတော့သည်။ ကြီးမားရှည်လျားသော အဆောင်ကြီး (၁၂) ခုကို လှည်းဘီးပုံဆောက်ထားသည်။ အလယ်တွင် ထောင်မီးဖိုဆောင် အ၀ိုင်းကြီးကို ဗဟိုပြုထားလေသည်။ တိုက်ထောင်ကလေးများ၊ အလုံထောင် ကလေးများ၊ စစ်ဗိုလ်များကို ချုပ်ရန် သီးခြားအိမ်ကလေးများ၊ အဆောက်အအုံများ ရှိသည်။ အကျဉ်းသား (၆၀၀၀) ဆန့်သည်။ သို့သော် စာရေးသူ ရောက်သွားချိန်တွင် အကျဉ်းသား (၁၀၀၀၀) ကျော် ရှိနေလေပြီ။
မီးဖိုကြီးအနီးတွင်ရှိသည့် ရုံးငယ်တခုကို ခေါ်သွားသည်။ ဗူးဝမှ ထိုဒေသသို့ သံတိုင်ကာသော ၀င်းလေးခုနှင့် အဆောင်သံတံခါးလေးခုကို ဖြတ်ရသည်။ အားလုံးကို ဧရာမသော့ကြီးများ ခတ်ထားသဖြင့် ၀င်းဝမှ ထောင်ကြပ် တဦးလိုက်လာပြီး ရှစ်ကြိမ်ရှစ်ခါ သော့ဖွင့်ပေးရလေသည်။ စစ်ဗိုလ်က စာရွက်စာတမ်းနှင့် အတူ ထောင်မှူးတဦးထံ အပ်ပြီး ပြန်သွားသည်။ တင်မောင်က ထောင်မှူး၏ စားပွဲရှေ့တွင် ရှိသည့် ကုလားထိုင်တလုံးပေါ်မှာ ၀င်ထိုင်သော အခါ ထောင်မှူးက မကြည်မသာ လှည့်ကြည့်သည်။ သူက ထိုင်စေဟု အမိန့်မပေးခင် ထိုင်သည်ကို မကျေနပ်ဟန် ပြလေသည်။ တင်မောင်က သူ၏ ဟန်ပန်ကို နားမလည်ဟန်ဆောင်ပြီး မီးဖိုဘက်သို့ လှည့်ကြည့်နေလိုက်သည်။ ဆန်တတင်းချက် ကြေးအိုးကြီးများနှင့် ထမင်းချက်နေကြသည်။ မိုးဗြဲဒယ်ကြီးများနှင့် ဟင်းချက်နေကြသည် တို့ကို ငေးကြည့်နေမိပါသည်။
မလှမ်းမကမ်း အဆောင်တခုမှ အကျဉ်းသားများက သံတိုင်နားတွင် ရစ်ဝဲနေသည်ကို လှည့်ကြည့်လိုက်သော အခါ ဆရာဒဂုန်တာရာကို မြင်ရသည်။ ပြင်ပလောကတွင် ဆရာတာရာတို့နှင့် တင်မောင်တို့၏ အစုများသည် မဟာမိတ် များ မဟုတ်ကြပေ။ စာရေးဆရာအသင်း ညီလာခံတွင် ဥက္ကဌဒဂုန်တာရာကို အလိုမရှိဟု ကုလားထိုင်ပေါ်တက်ပြီး အော်ဟစ်ဖူးခဲ့ကြသည်။ အယုံအကြည်မရှိအဆိုကို တင်ခဲ့ဖူးသည်။ သူကလည်း လင်းယုန်ဂျာနယ်မှ စာရေးသူကို ပြစ်တင်ဝေဖန်ရေးသားခဲ့ပေသည်။ ရန်သူဟု ခေါ်ရမည်ဆိုလျှင် ခေါ်နိုင်ကြသည်။ ယခုမူ သူက တင်မောင်အား မြင်သောအခါ ပထမမိတ်ဆွေတဦးကို တွေ့ရသကဲ့သို့ ၀မ်းသာအယ်လဲ နှုတ်ဆက်ရှာသည်။ နောက်မှ စာပေ ရဲဘော်တဦး ထောင်ထဲ ရောက်လာရပြန်လေခြင်းဟု ၀မ်းနည်းကြေကွဲဟန်ပြသည်။ သူက စကားပြောခွင့် မရှိသဖြင့် သိသာထင်ရှားသည့် အမူအရာနှင့် နှုတ်ဆက်ရှာသည်။ နှစ်ယောက်သား မချိပြုံး ပြုံးမိကြသည်။
ကိုဌေးမြိုင် (ဒဂုန်တာရာ) တို့ လူသိုက် အဆောင်ထဲ ပြန်ဝင်လာသောအခါ တင်မောင်အဖို့ ယောင်နနနှင့် စားပွဲပေါ်မှာ ရှိသည့် သတင်းစာတစောင်ကို ဆွဲဖတ်မိသည်။ “ဟေ့လူ ရပ်လိုက်၊ သတင်းစာကို ပြန်ချလိုက်” ဟု ကျယ်လောင်တဲ့ အသံကြီးကြောင့် သတင်းစာကို ပြန်ချလိုက်ရသည်။ တသက်တာတွင် ယခုကဲ့သို့ ငေါက်ငမ်းသည်ကို မခံရဖူးပေ။ ကျယ်လောင်စွာ အော်ဟစ်ဆူပူနေသူမှာ မျက်နှာချင်းဆိုင်ထိုင်နေသော ထောင်မှူးဖြစ်သည်။
“ခင်ဗျားမှာ သတင်းစာ ဖတ်ခွင့်ရှိတယ်၊ မရှိဘူးဆိုတာကို ဗိုလ်ကြီးက ဆုံးဖြတ်တယ်။ ဗိုလ်ကြီးက ဆုံးဖြတ်ချက် မပေးမီမှာ သတင်းစာမဖတ်ပါနဲ့။ သတင်းစာဖတ်ဖို့သာမကဘူး၊ ဘာမဆို ထောင်ကြပ်တွေ၊ အရာရှိတွေက ခွင့်ပြုမှ လုပ်ပါ။ ပေးမှ ယူပါ။ ခိုင်းတာကို လုပ်ပါ။ ထောင်အပြင် တန်းမရှိဘူးဆိုတဲ့ စကားဟာ မှားတယ်။ ထောင်ထဲမှာ ထောင်ကလေးတွေ အများရှိတယ်။ ခွေးလိုထားတဲ့ ထောင်လည်း ရှိတယ်။ ခင်ဗျားတို့ အပြင်ဘက်မှာ ဆင်ကြီးဖြစ် နေပစေ၊ ထောင်ထဲမှာ ကြွက်ပဲ။ ကျုပ်တို့ ထောင်မှူးတွေက ကြောင်တွေဗျ။ လက်သည်းထက်တယ်” စောစောက အမိန့်မရဘဲ ထိုင်မိသည်ကိုပါ စောင်းချိတ်ပြီး ထောင်မှူးက အာဏာပြလေတော့သည်။
တင်မောင်အဖို့ အသက် (၁၆) နှစ်သားက စတင်ပြီး ကျောင်းသတင်းထောက်အဖြစ် သတင်းစာလောကတွင် လုပ်ကိုင်ခဲ့သဖြင့် ထိုအချိန်က လုပ်သက် (၂၄) နှစ် ရှိလေပြီ။ တသက်လုံး လုပ်လာခဲ့သည့် သတင်းစာတွင် ရေးသားရန် မဆိုထားနှင့် ဖတ်ရှုခွင့်ပင် မရှိတော့သည်ကို သိရသောကြောင့် ကျင်စက်ထိသကဲ့သို့ တုန်လှုပ်ကာ ဒေါသ အမျက်တခြောင်းခြောင်း ထွက်ရပြန်သည်။ ထောင်မှူးသည် ရန်သူမဟုတ်၊ ဖက်ဆစ်ဝါဒသာ ရန်သူဖြစ်သည် ဟု သတိနှင့် ချုပ်တည်းရပြန်သည်။ ထမင်း၀၀ စားထားကြဟေ့ဟု ရင်ညွန့်တွင်း၌သာ ကျယ်လောင်စွာ အော်ဟစ် မိပြန်သည်။ ။

Sunday, February 22, 2009

သတင်းစာနှင့် ကြော်ငြာပို့ခြင်း အနုပညာ

ကျနော်တို့ မိသားစု အပိုဝင်ငွေရရန်အတွက် သတင်းစာနှင့် ကြော်ငြာပို့ခြင်းလုပ်ငန်းကို လုပ်ကိုင်ခဲ့သည်မှာ လွန်ခဲ့သည့် (၂) နှစ်လောက်ကတည်းကပင် ဖြစ်၏။ တပတ်လျှင် (၂) ရက် ကြော်ငြာပို့၍ တပတ်လျှင် တရက် တနင်္ဂနွေမနက်ခင်းမှာ သတင်းစာပို့ကြပါသည်။ ကြော်ငြာကို နေ့လည်နေ့ခင်း မိမိအဆင်ပြေသည့် အချိန် ပို့လို့ရသော်လည်း သတင်းစာကိုမူ အချိန်မီ ပို့ရသည်။ ဇနီးသည်နှင့် ခလေးတွေ လုပ်ကိုင်ကြသည့် လုပ်ငန်းဖြစ်သော်လည်း သူတို့ မအားသည့်အခါမျိုးမှာ ကျနော် ၀ိုင်းကူရသည့်အခါမျိုးလည်း ရှိတတ်သည်။
သတင်းစာပို့ရသည့် မနက်တွေမှာ ရာသီဥတုကောင်းနေပါက သတင်းစာလိုက်ပို့ရသည်မှာ သက်တောင့်သက်သာ ရှိပြီး ရာသီဥတု အေးနေပြီး နှင်းများ ကျနေခြင်း၊ မိုးရွာနေခြင်း၊ လေတိုက်နေခြင်း တို့နှင့် ကြုံပါက သတင်းစာတွေက လေထဲမှာလွင့်လိုလွင့်၊ မိုးတွေရွာနေတော့ မျက်မှန်မှာမိုးရေတွေနဲ့ ဘာကိုမှ မမြင်ရ၊ ရာသီဥတုက အေးနေတော့လည်း အပြင်မှာ ကြာကြာမနေချင် စသဖြင့် ငွေရှာရသည်မှာ သိပ်အဆင်မပြေတော့ပါ။ ငွေရှာသည် ဆိုတာကလည်း အမြဲတမ်းအဆင်ပြေနေတတ်သည် မဟုတ်တာက သဘာဝပင် မဟုတ်ပါလား။
မနက်ခင်း လမ်းလျှောက်ရသည်ကိုတော့ နှစ်သက်ပါသည်။ စင်္ကြံလျှောက်ခြင်းသည် ကျန်းမာရေးနှင့် ညီညွတ်ပြီး ၀မ်းမီးကို ကျေစေသည် မဟုတ်ပါလော။ မနက်စောစော ရပ်ကွက်ထဲ လမ်းလျှောက်သည့်အခါ မြန်မာနိုင်ငံ မြို့ကြီးတွေမှာလို ပဲပြုတ်သည်၊ အကြော်သည်တွေ၏ အသံမကြားရ၊ ပရိယေသန ၀မ်းစာအတွက် အစောကြီးထကာ သွားလာလှုပ်ရှား နေရသူတွေ၊ အာရုံဆွမ်းခံနေသည့် မြတ်သံဃာနှင့် မနက်စောစောထဖွင့်နေသည့် လဘက်ရည်ဆိုင်တွေကိုလည်း မမြင်ရ၊ အားလုံးက တနင်္ဂနွေမနက်ခင်းမို့ အိပ်မောကျနေကြသည်။ အလုပ်ဆင်းရသည့် ကြားရက်တွေမှာတော့ ဒိန်းမတ်တွေလည်း မနက်စောစောထ အလုပ်သွားရသူများ ရှိပါသည်။ ကျနော့် ဟန်းဖုန်းမှ နိုးစက်အချိန်မှာ မနက် ၅း၂၀ ဖြစ်၏။
သတင်းစာလွတ်လပ်ခွင့် အပြည့်အ၀ရှိသော ဒိန်းမတ်နိုင်ငံ၏ သတင်းစာဖြန့်ချီရေး လုပ်ငန်းကလည်း စိတ်ဝင်စား ဖို့ကောင်းပါသည်။ ကျနော်တို့ နေထိုင်သော မြို့၏ လူဖတ်အများဆုံး သတင်းစာမှာ Jydske Vestkysten ဖြစ်ပြီး ဒေသတွင်း စောင်ရေအများဆုံးနှင့် သြဇာအရှိဆုံး သတင်းစာဖြစ်၏။ မြို့အလိုက် တပတ်တခါ ထုတ်သော သတင်းစာများ၊ ဘတ်စ်ကားဂိတ်နှင့် ရထားဘူတာရုံများတွင် အခမဲ့ ဝေသော သတင်းစာများလည်း ရှိသေးသည်။ ကျနော်တို့ ပို့ရသော နောက်သတင်းစာတစောင်မှာ နာမည်ကျော် Jyllands Posten ဖြစ်သည်။ ထိုသတင်းစာတွင် ဖော်ပြလိုက်သော တမန်တော်မိုဟာမက် ကာတွန်းများကြောင့် အစ္စလာမ်ဘာသာဝင် နိုင်ငံများ၏ စိတ်ဆိုးဒေါသ ထွက်မှုကို ဒိန်းမတ်တို့ ရင်ဆိုင်ကြုံတွေ့ခဲ့ရပြီး ဖြစ်သည်။ ထိုအကြောင်းကို ဒိန်းမတ်နိုင်ငံနှင့် မိုဟာမက်ကာတွန်း ပြဿနာ ခေါင်းစဉ်နှင့် ကျနော့်ဘလော့၏ ပို့စ်တခုမှာ ရေးခဲ့ပြီး ဖြစ်သည်။
http://www.thetoodk.co.cc/2008/02/blog-post_23.html
Jyllands Posten သည် Jydske Vestkysten လောက် ဖတ်သူမများသကဲ့သို့ နောက်သတင်းစာကြီး တစောင်ဖြစ်သည့် Politiken မှာလည်း ကျနော်တို့ ဖက်တွင် ဖတ်သူသိပ်မရှိလှပါ။ နောက် အတင်းအဖျင်းဖက် များသည့် အ၀ါရောင် သတင်းစာများဖြစ်သည့် Ekstra Bladet နှင့် BT ကိုတော့ ဖတ်သူတဦးစ နှစ်ဦးစ တွေ့ရသည်။
တကယ်တော့ သတင်းစာတွေ ဝေေ၀ဆာဆာနှင့် များများစားစား ရှိခြင်းသည် ကောင်း၏။ သတင်းအယ်ဒီတာများ ကလည်း မိမိသတင်းစာ စောင်ရေ လျှော့မသွားစေရန် အပြိုင်အဆိုင်အားထုတ်ကြသည့်အတွက် ပရိသတ်မှာလည်း မိမိပေးရသည့် ငွေကြေးနှင့် တန်ကြေးညီသည့် သတင်းနှင့် ဗဟုသုတများကို ရ၏။ နောက် ကျနော်တို့ အဖြစ်က ဟင်းမွှေသည့် ယောင်းမလိုဖြစ်နေသည်ကိုလည်း စဉ်းစားမိသေးသည်။ ဟင်းမွှေသည့် ယောင်းမသည် အရသာမခံတတ်သည့်အတွက် စားကောင်းသောက်ဖွယ်တွေနှင့် ထိတွေ့နေသော်လည်း အရသာကို သူမသိ။ ကျနော်တို့မှာလည်း ဒိန်းမတ်စာပေကို ကောင်းစွာ မဖတ်နိုင်သည့်အတွက် သတင်းစာတွေပို့နေသော်လည်း အယ်ဒီတာတွေပေးနေသည့် ဗဟုသုတတွေကိုမရ။ ဒိန်းမတ်စာကို ရောက်ကတည်းက သင်နေ၊ လေ့လာနေရသည့် တိုင် တီးမိခေါက်မိလောက်သာ ရှိပြီး စာတွေကို ထဲထဲဝင်ဝင် မဖတ်နိုင်သေး။ သို့သော်လည်း ကိစ္စမရှိ၊ အင်တာနက်မှာ မြန်မာလို ဖတ်စရာတွေ အများအပြား ရှိသည်မို့ အင်တာနက်ကိုသာ အားကိုးရသည်။
တခုတော့ သတိပြုမိသည်။ ၂၀၀၉ ခု နှစ်ဆန်းမှ စပြီး ကြော်ငြာတွေ ပါးလာပြီး၊ သတင်းစာတွေလည်း ဆန်းဒေး အချပ်ပိုတွေ ပါမလာတော့ခြင်းပင်။ မဒမ်နှင့် သမီးတွေကတော့ ကြော်ငြာနှင့် သတင်းစာတွေ ပို့ရတာ ပေါ့ပေါ့ပါးပါးမို့ သက်တောင့်သက်သာ ရှိနေကြသည်။ ဒါဟာ တကယ်တော့ ယနေ့ ကမ္ဘာမှာ ဖြစ်ပေါ်နေသော စီးပွားရေးပျက်ကပ် ၏ လက်ရာဆိုတာကိုတော့ ကျနော် သိနေမိပါသည်။ ။

Friday, February 20, 2009

(၂၅) ပြည်သူပိုင်သိမ်းပွဲကြီး (ကြေးမုံဦးသောင်း)

တောထဲမှသူပုန်များ တောထဲပြန်သွားသည့်နောက်ပိုင်းတွင် ၁၉၆၄ ခု၊ အမျိုးသားစည်းလုံးညီညွတ်ရေး ဥပဒေကို မတ်လ (၂၈) ရက်နေ့မှာ ကြေညာသည်။ ကြေညာချက်အရ မြို့ပေါ်တွင် တရားဝင်တည်ရှိ နေခဲ့ကြသော နိုင်ငံရေးပါတီအားလုံးတို့အား ပိတ်ပင်ဖျက်သိမ်းလိုက်သည်။ တည်မြဲဖဆပလ၊ သန့်ရှင်းပြည်ထောင်စုအဖွဲ့၊ ပမညတ … စသည်ဖြင့် မည်သူမှ နိုင်ငံရေးပါတီတည်ထောင်ခွင့် မရှိတော့ဘဲ ပိတ်ကြရသည်။ ရှိပြီး ပါတီပိုင်ပစ္စည်းများကို အစိုးရထံ အပ်နှံကြရသည်။ ပမညတအများနှင့် လက်နက်ချ ကွန်မြူနစ်များကမူ စောစောကပင် မြန်မာ့လမ်းစဉ် ဆိုရှယ်လစ်ပါတီမှာ နေရာယူနှင့်ကြသဖြင့် အိနြေ္ဒမပျက်ဘဲ အာဏာစ ကလေးများ ပြလာနိုင်ကြသည်။
တော်လှန်ရေးအစိုးရက စာနယ်ဇင်းများနှင့် နိုင်ငံရေးလောကကို နှုတ်ပိတ်ဆို့ရင်း ဆိုရှယ်လစ် စီးပွားရေးစနစ်ကို အင်တိုက်အားတိုက် တည်ဆောက်လေတော့သည်။ မြန်မာ့လမ်းစဉ် ဆိုရှယ်လစ်စနစ်မှာ စက်မှုလက်မှု စီးပွားရေးလုပ်ငန်းများကို တည်ထောင်သည် မဟုတ်ဘဲ တည်ရှိပြီး အရပ်သားပိုင် လုပ်ငန်းများ ကို သိမ်းယူသော စနစ်ဖြစ်သည်။
၁၉၆၃ ခု၊ ဇန်န၀ါရီလတွင် ဘီအိုစီ ရေနံကုမ္ပဏီနှင့် အိုင်ဘီပီ ရေနံလုပ်ငန်းကို သိမ်းပြီး မြန်မာ့ရေနံ ကော်ပိုရေးရှင်းကို ဖွဲ့စည်းလိုက်သည်။ ဖေဖော်ဝါရီလထဲတွင် ဘဏ်တိုက် (၃၁) တိုက်ကို သိမ်းပြီး လုပ်ငန်းကြီးများ စတင်သိမ်းတော့သည်။ အင်္ဂလို - ဘားမား သတ္တုတွင်းကုမ္ပဏီနှင့် ပုလဲလုပ်ငန်းတို့ ပါသွားကြသည်။
စစ်တပ်မှ စစ်ဗိုလ်ကြီးများ လုပ်ကိုင်နေကြသည့် တပ်မတော် သက်သာချောင်ချိရေး တဖြစ်လည်း မြန်မာနိုင်ငံ စီးပွားတိုးတက်မှု ကော်ပိုရေးရှင်း (BEDC) နှင့် စစ်ဖက်ကုန်စည် ဖြန့်ချီရေး (DSI) တို့ကိုလည်း သိမ်းလေသည်။ စီးကရက် ကုမ္ပဏီများ၊ သတ္တုတွင်းလုပ်ငန်းများ၊ ဆပ်ပြာချက်လုပ်ငန်း၊ ထီးစက်လုပ်ငန်း … စသည့် စက်မှုလက်မှုလုပ်ငန်းများ၊ ပုံနှိပ်စက်များ၊ အရပ်သားပိုင် ကျောင်း (၈၁၄) ကျောင်း၊ သာသနာပြု ဆေးရုံ (၉) ရုံ၊ ရုပ်ရှင်ရုံ (၁၈၂) ရုံ စသည်ဖြင့် အားလုံးကို ပြည်သူပိုင် ပြုလုပ်သည်။
အကြီင်္းဆုံး ပြည်သူပိုင်သိမ်းပွဲကြီးကို ရန်ကုန်မြို့နှင့်တကွ နယ်များတွင်ပါ ၁၉၆၄ ခု၊ ဧပြီလ (၉) ရက်နေ့တွင် ကျင်းပသည်။ အသိမ်းခံရသည့်သူများ မသိကြစေရန် လျှို့ဝှက်စီစဉ်သည်။ ထောင်သောင်းချီသော ပါတီ မိတ်ဆွေဆိုသူများနှင့် စစ်ဗိုလ်စစ်သားများကို သန်းခေါင်တိတိတွင် အောင်ဆန်းအားကစားကွင်းကြီး၌ စုထားသည်။ မိုးမလင်းမီတွင် လူစုခွဲကြပြီး ရန်ကုန်မြို့အနှံ့အပြား သွားရောက်ကာ ပွဲရုံများ၊ လက်လီလက် ကားဆိုင်များ၊ သမ၀ါယမဆိုင်များ၊ စီးပွားရေးလုပ်ငန်းမှန်သမျှကို ပြည်သူပိုင် သိမ်းလိုက်လေတော့သည်။
ပြည်သူပိုင်သိမ်းရာတွင် လုပ်ငန်းကြီးပါက ဗိုလ်မှူးက ကွပ်ကဲသည်။ အလတ်စားလုပ်ငန်းကို ဗိုလ်ကြီး၊ အငယ်စားလုပ်ငန်းကို တပ်ကြပ်ကြီးတို့က ကွပ်ကဲပြီး သိမ်းယူသည်။ လက်နက်ကိုင်စစ်သားများက စောင့်ကြပ်ပေးရသည်။ ပါတီမိတ်ဆွေများက မူလပိုင်ရှင်များ၏ နေရာတွင် အစားထိုးပြီး အရောင်းအ၀ယ်လုပ် ငန်းကို ဆက်လက်လုပ်ကိုင်ကြသည်။
ဆိုင်ကြီးများမှ လက်လီဆိုင်ကလေးများအထိ ဆိုင်ပိုင်တို့အဖို့ နံနက်စောစော ဆိုင်ဖွင့်ရန် သွားကြသော အခါတွင် မိမိတို့ ဆိုင်ရှေ့များတွင် စစ်အရာရှိနှင့် ပါတီမိတ်ဆွေဆိုသူများကို တွေ့ကြရသည်။ ပြည်သူပိုင် အမိန့်ကို ဖတ်ပြပြီး လုပ်ငန်းကို သိမ်းယူသောအခါတွင် ဆိုင် (သို့မဟုတ်) လုပ်ငန်း၏ သော့နှင့် ငွေများကို အပ်ကြရသည်။ အရေးတကြီး တောင်းကြသည်မှာ လုပ်ငန်းပိုင် မော်တော်ယာဉ်များနှင့် ကားသော့များ ဖြစ်၏။ ထိုနေ့ နံနက်က စတင်ပြီး ထိုဆိုင်၊ ထိုလုပ်ငန်းမှ မော်တော်ယာဉ်သည် ဗိုလ်ကြီး သို့မဟုတ် တပ်ကြပ် ကြီးပိုင် အဖြစ်သို့ ပြောင်းလဲသွားလေတော့သည်။
တင်မောင်က နေ့စဉ်နေ့တိုင်း သမီးများကို ကျောင်းပို့၊ ကျောင်းကြို တာဝန်ယူထားရသည်။ ပြည်သူပိုင် မသိမ်းမီက ကားပြာလေးတစီးနှင့် ကျောင်းလာလေ့ရှိသော မောင်နှစ်မသုံးယောက်တို့ ခြေလျင်လာကြတာကို မြင်ရပြီး ခါတိုင်း ခြေလျင်ကျောင်းတက်လေ့ရှိသူ ကလေးတဦးက ထိုကားပြာကလေးနှင့် ကျောင်းတက်လာ သည်ကို မြင်တွေ့ရသည်။ ကားအထဲမှ ကလေးက အမူအရာ မထူးခြားစေကာမူ စစ်ဗိုလ်ကတော်နှင့် တူသော ကားမောင်းလာသူ အမျိုးသမီးကို ခေါင်းတမော့မော့ ရှိနေသည်ကို မြင်ရသည်။ ဆိုရှယ်လစ် သင်္ခါရတရားကို ရှုမိပါတော့၏။
ပြည်သူပိုင်သိမ်းပွဲတွင် စစ်ဗိုလ်များအား ကားမအပ်သူများကို ကြီးလေးသော အပြစ်ကို ပေးလေ့ရှိသည်။ အင်္ဂလိပ်စာရေးဆရာကြီး ဂျော့အိုဝဲလ်၏ `မြန်မာပြည်မှ နေ့များ´ ၀တ္ထုမှာ ပါရှိခဲ့သည့် စမတ်နဲ မုကာရမ်ဒမ် စာအုပ်ဆိုင် ဆူးလေဘုရားလမ်းတွင် ရှိသည်။ စာအုပ်ဆိုင်ကို စစ်ဗိုလ်က လာရောက်သိမ်းစဉ်က ပိုင်ရှင်အဖိုးကြီးတွင် ကားပျက်ကြီးတစီးရှိပါလျက် ကားမအပ်သော အမှုအတွက် ထောင် (၄) နှစ် အပြစ်ပေး ခဲ့သည်။ အဖိုးကြီးခမျာ အသက် (၇၂) နှစ် ရှိရှာပါပြီ။
ပြည်သူပိုင် သိမ်းပွဲအပြီး၌ ဆိုင်အသိမ်းခံရသူ မိတ်ဆွေတဦးထံသွားပြီး အားပေးစကား ပြောမိသည်။ `ကျနော် အမြတ်ကြီးစား မဟုတ်ပါဘူး။ ကောင်းရောင်းကောင်းဝယ် လုပ်ကိုင် စားသောက်သူပါဗျာ´ ဟု ညည်းလေ သောကြောင့် `၀ိပါက၀ဋ်ပေါ့ဗျာ´ ဟု တရားပြနေခိုက်တွင် လူတယောက်ဝင်လာသည်။ ပိုးလုံချည်၊ ပိုးအင်္ကျီနှင့် ပွဲထိုင်သွားမည့်သူကဲ့သို့ ၀တ်ဆင်ထားသော်လည်း သူ၏ မျက်နှာက ဒေါသထွက်နေဟန် နီမြန်း နေသောကြောင့် မည်သို့မျှ ၀င်မပြောဘဲ ကြည့်နေမိ၏။ `လာပါဗိုလ်ကြီး ထိုင်ပါ၊ ထိုင်ပါ´ ဟု မိတ်ဆွေက ဖိတ်သည်ကို မထိုင်ဘဲ ဆူပူစကားပြောလေတော့သည်။
`တနေ့က ဆိုင်ကို သိမ်းတုန်းက ခင်ဗျားအပ်တဲ့ကားမှာ အပိုဘီးမပါဘူး။ ခင်ဗျား ထိန်ချန်ထားခဲ့တယ်။ အခု လမ်းမှာ ဘီးပေါက်နေတယ်။ ခင်ဗျား ခိုးထားတဲ့ ဘီးကို အခုအပ်ပါ´ ဟု ဒေါသနှင့် ပြောသည်။ မိတ်ဆွေက `ကားမှာ အပိုဘီးပါပါတယ်။ ဘီးငါးဘီး အပ်ခဲ့ပါတယ်။ ဒီကားမျိုးက အပိုဘီးကို နောက်ခန်းမှာ မထားဘဲ ကားရဲ့ ဖလိန်အောက်မှာ ဘီးအိမ်နဲ့ ထည့်ထားလို့ မမြင်ရတာပါ´ ဟု ရှင်းပြသည်။
`ကားကို သိမ်းတုန်းက ဘာလို့ မရှင်းပြတာလဲ´ ဟု ဆူပူငေါက်ငမ်းပြီး ထွက်သွားသည်။ လုပ်ငန်းရှင်များ၊ ဆိုင်ရှင်များထံမှ လုယူထားသည့် ကားကို ကိုယ်ရေးကိုယ်တာကိစ္စများအတွက် သုံးကြသည်ကို မြင်ရသည်။ ကုန်စည်များကိုလည်း ခိုးဝှက်ကြသည်။ အဖိုးတန်သော ကုန်ဆိုင်များကို သိမ်းရန် တာဝန်ကျသူ စစ်ဗိုလ်များ သည် ချက်ချင်းချမ်းသာကြတော့သည်။
ကားများ၊ ကုန်များကိုသာမက ဆိုင်ခန်းများကိုပါ စစ်ဗိုလ်များက ခိုးကြသည်။ ရန်ကုန်တွင်ရော၊ နယ်တို့တွင်ပါ လက်လီလက်ကားဆိုင် (၁၂၇၆၄) ဆိုင်ကို သိမ်းပြီးသည့် နောက်တွင် အမျိုးတူ ကုန်များ ပူးပေါင်းရောင်းချ မည်ဟု မူချမှတ်ကာ ကုန်များကို ဆိုင်ကြီးများရှိရာသို့ ပြောင်းသောအခါတွင် ရန်ကုန်၌ ဆိုင်နေရာ တသောင်းခန့် လစ်လပ်သွားသည်။ အောက်ထပ် လမ်းဘေးများမှ ဆိုင်ခန်းများအပြင် အိန္ဒိယသို့ အပြီးပြန်သွားသူ ကုလားများ၏ အိမ်ခန်းတွေပါ အစုစုအိမ်ခန်း တသိန်းခန့်ကို စစ်ဗိုလ်မြူမင်းကြီးက ကွပ်ကဲပြီး စစ်ဗိုလ်များနှင့် ပါတီဝင် လက်နက်ချ ကွန်မြူနစ်များကို နေရာချပေးလေသည်။
အားလုံးလိုလိုပင် ပြန်ရောင်းစားကြသည်။ အချို့စစ်ဗိုလ်များက အိမ်ခန်းရော ဆိုင်ခန်းပါ လေးငါးလုံး ရယူပြီး တဆင့် ရောင်းစားသည်။ တရုတ်၊ ကုလား စီးပွားရေးဈေးကွက်ကို ဖျက်သိမ်းရန် ရည်ရွယ်ချက်နှင့် ဆိုင်များကို သိမ်းခဲ့စေကာမူ စစ်ဗိုလ်များက ပြန်လည်ရောင်းစားကြသောကြောင့် တရုတ်၊ ကုလားများ လက်ထဲသို့ပင် ပြန်ရောက်သွားပြန်ပေသည်။
ဘဏ်တိုက်များ၊ ဆိုင်များ၊ လုပ်ငန်းများကို သိမ်းရာတွင် စာရင်းမရှိ၊ အင်းမရှိ ခိုးယူကြသည်။ အများစု ဖြစ်သော မြန်မာပိုင်လုပ်ငန်းမှန်သမျှကို လျော်ကြေးမပေးတော့ပေ။ သို့သော် ဘီအိုစီနှင့် နိုင်ငံခြားသားပိုင် ဘဏ်တိုက်ကြီးတွေကိုမူ နိုင်ငံခြားသုံးငွေနှင့် လျော်ကြေးပေးသည်။ ဆွီဒင်ပြည်မှ လုပ်ငန်းရှင်တဦးပိုင်သည့် မန္တလေးမီးခြစ်စက်ကိုလည်း နိုင်ငံခြားငွေနှင့် လျော်ကြေးပေးသည်။ ဗိုလ်ချုပ်ကြီးနေ၀င်းက တနှစ်တွင် ကိုးလတာမျှ ဥရောပနိုင်ငံများသို့ သွားရောက်ဇိမ်ခံလေ့ရှိသဖြင့် သူသွားသော နိုင်ငံများတွင် မျက်နှာမငယ်စေ ရန် နိုင်ငံခြားသုံးငွေနှင့် လျော်ကြေးပေးရသည်ဟု ဘဏ္ဍာရေးဝန်ကြီးဌာနမှ စုံစမ်းသိရှိရသည်။ ဗိုလ်ချုပ်ကြီး နေ၀င်းက နိုင်ငံခြားသားများကို ကြောက်တတ်သည့် သူရဲဘောကြောင်သော စိတ်ဓာတ်နှင့် သူနိုင်သော မြန်မာနိုင်ငံသားများကို ရက်စက်စွာ အနိုင်ကျင့်သည့် စိတ်ဓာတ်များသည် စက်ဆုပ်ရွံ့ရှာဖွယ် ကောင်းလှ ပေသည်။
မြန်မာပိုင်ဆိုပါက စာရင်းအင်း ကျကျနနရှိသော ဘဏ်တိုက်များကိုပင် လျော်ကြေးမပေးစေကာမူ ဗိုလ်ချုပ်နေ၀င်းကတော် ဒေါ်ခင်မေသန်း၏ ဆွေမျိုးများပိုင်သော လုပ်ငန်းများကို တိတ်တိတ်ပုန်း လျော်ကြေး ပေးသည်။ အထပ်သားစက်လုပ်ငန်းကို သိမ်းစဉ်က လုပ်ငန်းတန်ဖိုးအားလုံးကို နိုင်ငံခြားသုံးငွေနှင့် လျော်ကြေး ပေးရုံမျှမက မိသားစုတခုလုံး အင်္ဂလန်သို့ သွားရောက်နေထိုင်နိုင်ရန် နိုင်ငံကူးလက်မှတ်ပါ ထုတ်ပေးသည်။ မတရားမှု မှန်သမျှ တခုမကျန် ကျူးလွန်ခဲ့ပေသည်။
ကုန်ထုတ်လုပ်ငန်းနှင့် ကုန်သွယ်လုပ်ငန်းများကို သိမ်းယူခဲ့သည် ဂယက်အဖြစ် ကုန်စည်များ ရှားပါးသည်ကို ရင်ဆိုင်ကြရသည်။ ရှားပါးသဖြင့် ကုန်ဈေးနှုန်းများ တက်နေချိန် ၁၉၆၄ ခု၊ မတ်လ (၁၇) ရက်နေ့တွင် အစိုးရက ထုတ်ဝေသုံးစွဲထားသဖြင့် လူထု၏ လက်ထဲတွင် လှည့်လည်သုံးစွဲနေသော ကျပ် (၁၀၀) တန်နှင့် (၅၀) တန် ငွေစက္ကူများကို တရားမ၀င်ဟု ကြေညာလိုက်သဖြင့် လူထုကြီးတရပ်လုံး မွဲသွားရှာသည်။ လှည့်လည်နေသော ငွေ၏ (၂၂) ရာခိုင်နှုန်းကို သုံးစွဲခွင့် ပယ်ဖျက်သောကြောင့် အစိုးရအဖို့ ကျပ် (၉၁၅.၈) သန်း အမြတ်ရသွားသည်။ လူထုမှာ ကျပ် (၉၁၅.၈) သန်း မွဲရသည်။
လူထု မည်သို့ ခံရစေကာမူ အစိုးရက အနည်းငယ်မှ လျှော့မပေး၊ ၁၉၆၆ ခု၊ ဇန်န၀ါရီလ (၆) ရက်နေ့တွင် ကုန်သွယ်ရေး အမိန့်သစ်ထုတ်ကာ ချုပ်ကိုင်ပြန်သည်။ ကုန်စည်အမျိုးအစား (၄၆၀) ကို အရပ်သားများ မထိရဘဲ အစိုးရကသာ ရောင်းဝယ်ခွင့် ရှိတော့သည်။ ဖွဲနု၊ ဆန်ကွဲမှ စတင်ပြီး နနွင်းတက်အထိ တော်လှန်ရေး အစိုးရကသာ သိုလှောင်ခွင့်၊ ရောင်းဝယ်ခွင့် ရှိတော့သည်။
ထိုကဲ့သို့ ပုဂ္ဂလိက အရပ်သားပိုင် လုပ်ငန်းများကို စစ်ဗိုလ်များက လုယက်သည့် ဆိုရှယ်လစ်စီးပွားရေး စနစ်ကို ထူထောင်သောကြောင့် နိုင်ငံ၏ စီးပွားရေးလုပ်ငန်းကြီးများ ကျဆင်းပျက်ပြားသွားလေတော့သည်။ ၁၉၆၄-၆၅ ခုနှစ်က လယ်ယာကုန်ထုတ်လုပ်မှု တန်ဖိုး (၂၅၂) ကုဋေရှိခဲ့ရာမှ ၁၉၆၅-၆၆ ခုနှစ်မှာ (၂၄၁) ကုဋေအထိ ကျဆင်းသွားသည်။
အထူးသဖြင့် ဆန်ရှားသွားသည်။ ၁၉၆၇ ခုနှစ်၊ သြဂုတ်လတွင် စပါးခင်းများ အကြားတွင်ရှိသော ရန်ကုန်မြို့ကြီး၌ ဆန်ပြတ်သွားသောကြောင့် လူထုကြီး မျက်သလဲဆန်ပျာ ဖြစ်ကြရသည်။ ရန်ကုန်တမြို့လုံးမှ လူအများသည် ဆန်ထွက်ရှာနေကြရသဖြင့် ရုံးများ၊ ဆိုင်များ ပိတ်သွားသည်။ ထိုအခါ စစ်စုံထောက်များက တရုတ်အမျိုးသားများကို လိုက်လံ ရိုက်နှက်ကြပြီး တရုတ်-ဗမာ အဓိကရုဏ်းကို ဖန်တီးကာ လူထုကြီး၏ သွေးဖြင့် ဆန်ပြဿနာကို ဖြေရှင်းသည်။ များစွာ ရက်စက်ယုတ်မာလှသည်။ လူထုကြီးမှာ ကျောကော့ပြီး ခံကြရသည်။ ။

Sunday, February 8, 2009

အဝေးဆုံးနေရာ (သို့) Sandholm ကမ့်

ဒိန်းမတ်အခေါ် Sandholmlejren ၊ မြန်မာလိုတော့ ခိုလှုံခွင့်လျှောက်ထားသူတို့ နေထိုင်ရာ ကမ့် (camp) သည် ကိုပင်ဟေဂင်၏ မြောက်ဖက် ကီလိုမီတာ ၃၀ အကွာတွင် ရှိပြီး ကျနော့် အိမ်မှ ဆိုလျှင် ကီလိုမီတာ ၃၀၀ ခန့် ဝေးပြီး ကားဖြင့် ၃ နာရီခန့်သွားရပါသည်။
ယခင်က ထိုနေရာအကြောင်းကြားဖူးထားသော်လည်း လူကိုယ်တိုင် မရောက်ဘူးခဲ့ပါ။ ဇန်န၀ါရီလ ၁၈ ရက်နေ့ကတော့ အမှုသည်တဦးကို လိုက်ပို့ရင်း ထိုနေရာကို ရောက်သွားခဲ့ ပါသည်။ အမှုသည်ဆိုလို့ ကျနော်က ရှေ့နေလားဆိုတော့လည်း မဟုတ်ပါ။ ရှေ့နေမဟုတ်ဘဲ သူများကြားထဲရောက်သွားမလိုဖြစ်လို့ ကြားနေလို့ခေါ်ရင်တော့ ရမလားမသိ။ အမှုသည်က သူ့အကြောင်း ဘလော့ဂ်မှာမရေးဖို့ ပြောထားပေမယ့် ကျနော်က သူ့အကြောင်းမပါဘဲ ကမ့် အကြောင်းတော့ အများသိအောင် ရေးချင်ပါသေးသည်။
ထိုကမ့်သည် ခိုလှုံခွင့်လျှောက်ထားသူ လူသစ်များကို လက်ခံပြီး လူဦးရေ ငါးရာခန့် နေထိုင်နိုင်သည့်အတွက် ဒိန်းမတ်၏ အကြီးဆုံးကမ့် (တခြားကမ့်များလည်း ရှိသေးသည်ဟု သိရသည်) လည်း ဖြစ်သည်။ ကမ့်ကို ဒိန်းမတ်ကြက်ခြေနီက အုပ်ချုပ်ပြီး ရဲနှင့် လ၀က ဌာနများလည်း ရှိပါသည်။
ထိုနေ့က ကမ့်အ၀င် ဂိတ်ဝကို ကျနော်တို့ရောက်သွားတော့ ဂိတ်မှ တာဝန်ရှိသူကို ကျနော်က `သူဒီမှာ ခိုလှုံခွင့်လျှောက်ထားချင်လို့ပါ´ ဟု ပြောလိုက်တော့ သူက `မင်းရော လျှောက်မှာလား´ ဟု မေးပါသည်။ ကျနော်က `မဟုတ်ပါ။ လိုက်ပို့ပေးတာပါ´ဆိုလိုက်တော့ `ဒါဆိုရင် မင်းတို့ ရုံးခန်းကိုသွားပါ´ ဆိုပြီး လမ်းညွှန်မြေပုံစာရွက်ထုတ်ပေးပါသည်။ `မင်းတို့ ၀င်လာပြီဆိုတာကို ငါဒီကနေ ဖုန်းဆက်ထားပေးမယ်´ ဟုလည်း ဆိုပါသည်။ ကျနော်က `ငါလည်း လိုက်ဝင်သွားလို့ရလား´ ဟုမေးတော့ သူက ´ရတယ်၊ မင်းပြန်တော့ထွက်လာ ရမယ်´ လို့ ပြောပါသည်။
ကျနော်တို့လည်း ကားပေါ်က ခရီးဆောင်အိတ်များ ချကာ သူပေးသည့် မြေပုံအတိုင်း ၀င်လာခဲ့သည်။ အ၀ါရောင်အဆောက်အအုံများက သတင်းများတွင် ပါလာတတ်သည်မို့ ကျနော်မြင်ဖူးသည်။
ရုံးခန်းအ၀င်လမ်းမှာ အာရှတိုက်သားဖြစ်ပုံရသူ စုံတွဲက ကျနော့်တို့အား မင်းတို့ တရုတ်တွေ လားမေးတော့ `မဟုတ်ဘူး၊ တို့ မြန်မာပြည်က။ မင်းတို့ကရော´ ဆိုတော့ `တို့ ဘူတန်က လာတာ´ ဟု ဆိုသည်။ သူတို့စုံတွဲက ရုံးခန်းထဲကို အရင်ဝင်သွားပြီး `တို့ positive ဖြစ်သွားပြီ၊ တခြားကမ့်မှာ သွားနေတော့မလို့ အခုလာနှုတ်ဆက်တာ´ စသည်ဖြင့် အင်္ဂလိပ်လို ပြောနေသည်ကို ကြားရသည်။ (Positive ဖြစ်ခြင်းသည် ပဏာမ စစ်ဆေးမှုများ ပြီးဆုံးသည်ဟု ဆိုလိုသည်)
ကမ့်သည် ခြံစည်းရိုးပတ်လည်ကာရံထားပြီး ကြက်ခြေနီ ၀န်ထမ်းများက လမ်းလျှောက်စကား ပြောစက်များဖြင့် စောင့်ကြပ်လျှက်ရှိသည်ကို တွေ့ရသည်။ ရှေ့က နှုတ်ဆက်နေသော စုံတွဲ ပြီးတော့ ကျနော်တို့အလှည့်။ ကျနော်က အမှုသည်ကို အရံသင့်ထုတ်ကိုင်ထားသော မြန်မာပတ်စ်ပို့အား ခုံပေါ်တင်စေကာ `သူ ဒီမှာ ခိုလှုံခွင့် လျှောက်မလို့ဟု´ ဆိုလိုက်ရာ ကြက်ခြေနီဝန်ထမ်း အမျိုးသမီးက ‘We don’t need your passport, just write your name and date of birth here’ ဟု ပြန်ဖြေပြီး နာမည်နှင့် မွေးနေ့ရေးရန် စာရွက်အလွတ် တရွက်ချပေးလိုက်သည်။
ပြီးတော့ ကျနော်တို့ကို ခဏထိုင်စောင့်ခိုင်းပါသည်။ ဂိတ်မှာ တွေ့ခဲ့သော ၀န်ထမ်းနှင့် ရုံးခန်းတွင်းရှိ ဒိန်းမတ်လူမျိုး ကြက်ခြေနီ ၀န်ထမ်းများသည် ကျနော်တို့နှင့် ပြောဆိုဆက်ဆံ ရာတွင် `မင်းတို့ မြန်မာတွေလား၊ ပြဿနာကောင်တွေပဲ၊ အတော်အလုပ်ရှုပ်တာပဲ၊ မင်းတို့နိုင်ငံ မင်းတို့ မနေပဲ ဒီမှာလာပြီး ဘာနေထိုင်ခွင့်လျောက်နေတာလဲ´ စသည့် မလိုလားသည့် အကြည့်မျိုး၊ အပြောအဆိုမျိုး မရှိပဲ ပုံမှန်ဝတ္တရားဆောင်ရွက်နေသကဲ့သို့ ရှိသည်မို့ ပြောရဆိုရ သက်တောင့်သက်သာ ရှိပါသည်။
ခဏနေတော့ `ကဲ … လာ၊ တို့ check in ၀င်ကြမယ်´ ဆိုကာ ကားငယ်လေးဖြင့် အထုပ်များ တင်ကာ နေထိုင်ရမည့် အခန်းသို့ လိုက်ပို့ပါသည်။ ကျနော်လည်း ထိုနေရာထိ လိုက်သွားကြည့်ကာ မြင်ရတွေ့ရသည်များကို ဟန်းဖုံးဖြင့် ဓာတ်ပုံနဲနဲပါးပါး ရိုက်သည်။
ကမ့်အတွင်းရှိ အဆောင်များကို အမျိုးသား၊ အမျိုးသမီး ခွဲထားသည်။ မိသားစုများနေထိုင်ရန် အတွက် သီးသန့်စီစဉ်ပေးထားသည်။ တဦးချင်းသမားများအတွက် နှစ်ယောက်ခန်း နှစ်ခု ကို အလယ်၌ အိမ်သာရေချိုးခန်းနှင့် မီးဖို စီစဉ်ပေးထားသည်။ အစားအသောက်ကို ပုံမှန် ချက်ပြုတ်ကျွေးမွေးပြီး သီးသန့် ချက်ပြုတ်စားချင်သူများအတွက် ဈေးဖိုးထုတ်ပေးပါသည်။ လူသစ်များအတွက် ကမ့်မှတ်ပုံတင်ပြုလုပ်ပြီးသည်နှင့် အပြင်ထွက်ခွင့်လည်း ရှိသည်။ ဧည့်သည်များလည်း လက်ခံတွေ့ဆုံနိုင်ပြီး အလည်လာသူသည် မိမိ၏ သက်သေခံ အထောက်အထားကို ဂိတ်တွင် အပ်ထားခဲ့ရမည်ဟု ဆိုသည်။
ကမ့်တွင် ခလေးများ ကစားရန်နေရာ၊ အ၀တ်လျှော်သည့် နေရာ၊ အ၀တ်ချုပ်သည့် နေရာ၊ သတင်းနှင့် ပြန်ကြားရေးဌာန၊ ကင်တင်း၊ ကျန်းမာရေး ဆေးပေးခန်းများ ထားရှိပေးပြီး အမျိုးသမီးအသင်း၊ လူငယ်အသင်း စသည့် လှုပ်ရှားမှုများလည်း ရှိသည်ဟု သိရသည်။
နေရေး၊ ထိုင်ရေး၊ လုံခြုံရေး အစစအရာရာ စိတ်ချရပြီမို့ အမှုသည်ကို နှုတ်ဆက်ပြီး အိမ်ပြန်ရန် အပြင်ထွက်လာတော့ ကမ့်အ၀င်ဂိတ်ဝတွင် ဘတ်စ်ကားတစီးဖြင့် ရောက်နေသော အဖွဲ့တဖွဲ့က ဆန္ဒပြပွဲလေးတခု လုပ်နေသည်ကို တွေ့ရသည်။ ဘာအဖွဲ့တုံး၊ ဘာလို့ ဆန္ဒပြနေတာတုံးဟု ကျနော် စပ်စုကြည့်တော့ `ကမ့်အတွင်းရောက်ရှိနေသော ခလေးသူငယ်များ၏ အဖိုးအဖွားများအသင်း´ မှ ခလေးများ၏ အနာဂတ်ရှေ့ရေး စိတ်ပူရကြောင်း ဖော်ထုတ်ပြသသည့် ဆန္ဒပြပွဲဟု သိရပါသည်။ ဒီလို ကမ့်မျိုး မရှိသင့်၊ ကမ့်ကို ပိတ်ရမည်ဟု ဆန္ဒပြမှုများအကြောင်းလည်း ရံဖန်ရံခါ သတင်းများတွင် ပါလာတတ်သေး၏။ ယခုလို ဆန္ဒပြပွဲမျိုးတွေ မကြာခဏ ရှိနေတတ်သည် မှာ ဒီမိုကရေစီနိုင်ငံတခုအနေနှင့် ထမင်းစားရေသောက်ကိစ္စများသာ ဖြစ်ပေမည်။
အိမ်အပြန်လမ်းမှာတော့ မိုးကတဖွဲဖွဲ ရွာနေသည်။ မြန်မာပြည်ကို အုပ်ချုပ်သော အစိုးရသည် နေရာမှလည်း ဖယ်မပေး၊ တိုင်းပြည်ကိုလည်း တိုးတက်အောင် မအုပ်ချုပ်နိုင်သည်မှာ သေချာနေပြီမို့၊ တပ်မတော်၏ သဘောထားအမှန်ကို သိရှိသော ပြည်သူတို့သည် စစ်တပ်အုပ်ချုပ်နေသော မြန်မာပြည်နှင့် အဝေးဆုံးအရပ်ဆီသို့ ဆက်လက်ပြေးဝင်လျှက် ရှိနေကြသည်မှာ ထင်ရှားနေပါတော့သည်။ ။

ဖေဖေါ်ဝါရီ (၆) ရက် သောကြာနေ့ထုတ် 24 timer သတင်းစာတွင် အောက်ပါ သတင်းတိုလေး တပုဒ် ပါလာသည်။

GENÅBNING : Et stigende antal asylansøgere kommer til Danmark, og derfor genåbner Dasnk Røde Kors asylcentrene i Ebeltoft og Grenå.

ပြန်လည်ဖွင့်လှစ်ခြင်း ။ ။ ဒိန်းမတ်နိုင်ငံအတွင်းသို့ ၀င်ရောက်လာသော နိုင်ငံတွင်းနေထိုင်ခွင့် လျှောက်ထားသူများ များပြားလာသည့်အတွက် ဒိန်းမတ်ကြက်ခြေနီ၏ စခန်းဟောင်း နှစ်ခုအား ပြန်လည်ဖွင့်လှစ်တော့မည် ဖြစ်ကြောင်း ။

ကမ့်အတွင်းမှ ဓာတ်ပုံများ ...

Wednesday, February 4, 2009

(၂၄) ဆိုရှယ်လစ်လောကနိဗ္ဗာန်သို့ (ကြေးမုံဦးသောင်း)

ပုဂ္ဂလိကသတင်းစာများမှာ အမြတ်ခွန်မဆောင်နိုင်သဖြင့် ပိတ်ရသူက ပိတ်ရပြီး၊ အယ်ဒီတာကို ဖမ်းထား သောကြောင့် ပိတ်ကြရသည်လည်း ရှိသည်။ တော်လှန်ရေးကောင်စီဝင် ဗိုလ်မှူးချုပ်တီကလစ် နုတ်ထွက်သည့် သတင်းအမှန်ကို ရေးသဖြင့် သတင်းပေးသူကို သိလိုသည်ဟုဆိုကာ အယ်ဒီတာ ဦးညိုမြနှင့် ဦးအုန်းခင်အား ရက်ရှည်လများ ဖမ်းဆီးစစ်ဆေးသဖြင့် အိုးဝေနှင့် မိုးကြိုးသတင်းစာ နှစ်စောင် စုတေစိတ်ကျ ရရှာပြန်လေသည်။
မုန်တိုင်းမိနေသည့် သတင်းစာများနှင့် လူထုကြီးအဖို့ ဆောင်းအိမ်မက်ကဲ့သို့ အိမ်မက်ဆန်းတခု မက်လိုက် ကြရပါသေးသည်။
၁၉၆၃ ခု၊ ဧပြီလ (၁) ရက်နေ့က တော်လှန်ရေးကောင်စီက လွတ်ငြိမ်းချမ်းသာခွင့် အမိန့်ကို ထုတ်ပြန်ပြီး အကျဉ်းသားအားလုံးကို လွှတ်လိုက်လေသည်။ တော်လှန်ရေးကောင်စီ ဥက္ကဌကြီး ဗိုလ်ချုပ်နေ၀င်းကိုယ်တိုင် ရန်ကုန်ထောင်ထဲသွားပြီး ထောင်လွတ်များနှင့် ထောင်မှူးထောင်ကြပ်များကို မိန့်ခွန်းပေးသောအခါ `ဆိုရှယ်လစ်စီးပွားရေးစနစ် ထူထောင်ရာမှာ လူတိုင်းပါဝင်နိုင်အောင် လွှတ်ပေးလိုက်တယ်။ ဆိုရှယ်လစ် ခေတ်သစ်မှာ အကျဉ်းသားတွေ မရှိတော့လျှင် ထောင်မှူးထောင်ကြပ်တွေကို အလုပ်ဖြုတ်မည်မဟုတ်။ သင့်လျော်တဲ့ အလုပ်တွေ အစားပေးမယ်´ ဟု ကတိပေးသည်။
ဗိုလ်ချုပ်ကြီးက မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်သည် တကယ်အမှန် အောင်မြင်တော့မည်ဟု ယုံကြည်ဟန် တူသည်။ ဆိုရှယ်လစ်စီးပွားရေးစနစ်၏ အသီးအပွင့်စားရချိန်တွင် စစ်ဗိုလ်များက ပိုမစားဘဲ လူထုနှင့် ညီညီ မျှမျှ ခွဲဝေစားသောက်ကြမည်ဖြစ်သောကြောင့် မကောင်းမှု ကျူးလွန်မည့်သူ မရှိလေမည်မို့ ထောင်ဆိုသည်ကို အရုပ်ရေးကြည့်ကြရမည် ခေတ်သစ်ကို ရောက်တော့မည်ဟု စိတ်ကူးယဉ် ဟန်တူသည်။ ချက်ချင်း မဆိုင်းမတွ ရန်ကုန်ထောင်ကြီးကို ဖျက်လိုက်စေဟု အမိန့်ပေးပြီး ဖြိုချလိုက်ကြလေတော့သည်။
ထိုအခါတွင် သတင်းစာဆရာများတို့က လက်ခုပ်လက်ဝါးတီးကာ ကောင်းချီးသြဘာပေးကြသည်။ ရာဇ၀င်စဉ်ဆက် ခံခဲ့ကြရသည့် ရန်ကုန်ထောင်ကြီး မရှိတော့သောကြောင့် ဆိုရှယ်လစ်လောကနိဗ္ဗာန်၏ တံခါးဝကို ရောက်ကြပြီဟု အိမ်မက်မိကြလေသည်။
လွတ်လပ်ရေးရချိန်ကစပြီး လက်နက်ကိုင် တိုက်ခိုက်နေကြသော သူပုန်သူကန်များကိုလည်း ဆိုရှယ်လစ် နိုင်ငံသစ်ကို ပူးပေါင်းတည်ဆောက်လှည့်ကြပါဟု တော်လှန်ရေးကောင်စီက ဖိတ်ခေါ်သည်။ ၁၉၆၃ ခု၊ ဇွန်လ (၁၁) ရက်နေ့တွင် ဖိတ်ခေါ်ရာ၌ ကွန်မြူနစ်လက်နက်ကိုင် သူပုန်အဖွဲ့ (၂) ဖွဲ့နှင့် လူမျိုးစု (၆) ဖွဲ့တို့ လာရောက် ဆွေးနွေးကြလေသည်။ ဤတွင် ပြည်တွင်း ငြိမ်းချမ်းရေး ရရှိတော့မည်ဟု အိမ်မက်ကြရပြန်သည်။
အိမ်မက်သည် ဆောင်းအိမ်မက်ပါပေ။ ကြာကြာပင် အရသာ မခံလိုက်ရပါပေ။ ဗိုလ်ချုပ်ကြီးရော ဆောင်းပါးရှင်တို့ သတင်းစာဆရာတွေပါ ဖျတ်ခနဲ လန့်နိုးကြရတော့သည်။ ထောင်ကြီးကို ဖျက်ပြီး (၄) လကြာသောအခါတွင်မှ ဆိုရှယ်လစ်နိုင်ငံ တည်ထောင်သည့်အခါတွင် နိုင်ငံရေးအကျဉ်းသားဟူသည်မှာ မရှိမဖြစ် သတ္တ၀ါများ ဖြစ်လေသည်ကို ဗိုလ်ချုပ်ကြီး သိရှိလာရှာသည်။
၁၉၆၃၊ သြဂုတ်လထဲတွင် ထင်ရှားသော နိုင်ငံရေးခေါင်းဆောင် (၁၀) ဦးကို ထိန်းသိမ်းလိုက်ရာတွင် နေးရှင်းသတင်းစာ အယ်ဒီတာ ဦးလောရုံပါ ပွဲဦးထွက် အဆက်ပါသွားရှာသည်။ တော်လှန်ရေးအစိုးရက ပြည်တွင်းငြိမ်းချမ်းရေး တည်ဆောက်ဖို့ သူပုန်သူကန်များနှင့် ဆွေးနွေးတာကို နှောင့်ယှက်ဖျက်ဆီးသူများ အဖြစ် စွပ်စွဲကာ ဖမ်းဆီးသည်။
သူပုန်တို့သည် တောတွင်းက ထွက်လာပြီး ဆွေးနွေးကြစေကာမူ အစိုးရကို အယုံအကြည် မရှိကြသူများ ဖြစ်သည်။ ကရင်အမျိုးသားအဖွဲ့တခုကသာ တော်လှန်ရေးအစိုးရ၏ ကမ်းလှမ်းချက်ကို လက်ခံပြီး ကျန်အဖွဲ့ အားလုံးက တောထဲသို့ ပြန်သွားကြပြီး ဆက်လက်ကာ ထကြွကြလေသည်။ `အတုအလိမ်ဆွေးနွေးပွဲပါ´ ဟု အလံဖြူ သခင်သန်းထွန်းက ကြိုတင်ကာ ဗေဒင်ဟောပြီး ဆွေးနွေးပွဲများကို တက်ပင် မတက်ခဲ့ပေ။
(၁၅) နှစ်တာမျှ တောကြီးမျက်မည်းထဲတွင် သစ်ဥသစ်ဖုများစားပြီး တော်လှန်နေသော အလံနီသခင်စိုး စသော တောပုန်းများ ဆွေးနွေးရန် မြို့တွင်းသို့ ၀င်လာသောအခါတွင် ကွဲကွာနေသည့် ဆွေမျိုးညာတိကာ များထံ သွားရောက်နှုတ်ဆက်ကြသည်။ စေ့စပ်ရေး ပျက်သဖြင့် သူပုန်များ တောထဲပြန်ဝင်သွားသည်နှင့် တပြိုင်နက် သူပုန်များ လာစဉ်က တွေ့ခဲ့မိသည့် ဆွေမျိုးများကို တရကြမ်း ဖမ်းတော့သည်။ အကိုအရင်း ဖြစ်သောကြောင့် အလံနီကိုကျော်ဝင်းကို တွေ့မိသည့် သူ၏ညီကို ဖမ်းပြီး ထောင်ထဲမှာ (၈)နှစ်တာမျှ ထည့်ထားခဲ့သည်။
သခင်စိုးက စွန့်ပစ်ထားသည့် ဇနီးတဦးက နောက်အိမ်ထောင်သစ် ထူလေသဖြင့် စိုးကြီးက ဇနီးဟောင်း၏ အိမ်သို့သွားပြီး `သဘောထားကြီးပါတယ်၊ သဘောတူပါတယ်´ ဟု ပြောပြီး လက်စွပ်တကွင်း လက်ဖွဲ့ခဲ့လေ သည်။ မဆီမဆိုင် သူပုန်ကြီး၏ မယားဟောင်းကို လက်ထပ်မိသူခမျာကိုလည်း ဖမ်းလိုက်ပြီး ထောင်ထဲမှာ (၈) နှစ်တာ ထားပြန်သည်။
သူပုန်ဆွေမျိုးတွေသာမက လက်ဝဲဆန်သူ စာရေးဆရာအများကိုပါ ဖမ်းလေရာ အောင်လင်း၊ မြသန်းတင့်၊ ဂျာနယ်ကျော် မမလေး၊ ဒဂုန်တာရာ၊ စိန်ခင်မောင်ရီ စသည့် စာပေ လောကသားတွေပါ အဆက်ပါ သွားရသည်။
သခင်စိုးကြီးကို ကျပ်တထောင်တန်နှင့် ညစာစားပွဲနှင့် ဂုဏ်ပြုပါရစေဟု ကြေညာက ဧည့်ခံပြုစုသူ သတင်းဂျာနယ် အယ်ဒီတာ ကိုလှအောင်တယောက်လည်း (၈) နှစ်တာမျှ ခံရရှာသည်။ များစွာ ဂြိုလ်မွှေသော ငြိမ်းချမ်းရေး လက်ကမ်းပွဲကြီးပါပေ။
ဗိုလ်ချုပ်ကြီးနေ၀င်းအဖို့ သူဖန်တီးမည့် လောကနိဗ္ဗာန်တွင် အကျဉ်းသားရှိတော့မည့် မဟုတ်တော့ပြီဟု ကြေညာပြီး ရန်ကုန်ထောင်ကြီးကို ဖျက်ရန် အမိန့်ပေးခဲ့သည်မှာ မှားပြီဟု နောင်တရမည်မှာ အမှန်ဖြစ်၏။ ၁၉၆၃ ခု၊ နိုဝင်ဘာလက စပြီး လူဖမ်းပွဲများ အကြိမ်ကြိမ်အလီလီ ဆင်နွှဲရသဖြင့် အကျဉ်းသားများ ထားစရာ မရှိသောကြောင့် အင်းစိန်ထောင်ကြီးနှင့် ရေကြည်အိုင်စခန်း စစ်စုံထောက် ထောင်များကို မကြာခဏ ချဲ့ခဲ့ရလေ တော့သည်။
ထိုမည်သော လူဖမ်းပွဲကြီးတွင် တင်မောင်အဖို့ ပြေးနိုင်သဖြင့် လွတ်ခဲ့ရသည်။ တင်မောင်သည် ကျောင်းသားဘ၀က အလံနီဌာနချုပ်တွင် ကျက်စားဖူးလေသဖြင့် ပထမနေ့ သတင်းစာရှင်းပွဲက စတင်ပြီး သခင်စိုးနှင့် နှုတ်ဆက်ပြောဆိုရသည်။ ကြေးမုံတိုက်သို့ လာရောက်လည်ပတ်သဖြင့် တိပ်ရီကော်ဒါလိုသည် ဟု ဆိုသဖြင့် တောထဲ၌ သုံးစွဲရနိုင်သော အကောင်းဆုံးတလုံးကို လှူလိုက်ရသည်။ စိုးကြီးတို့၊ ကိုကျော်ဝင်း တို့နှင့် တွေ့ကြသည့်အခါတိုင်းတွင် စစ်စုံထောက် (၃) ဦးတို့၏ ရှေ့တွင် တွေ့ရသဖြင့် နိုင်ငံရေးစကား တလုံးမှ မပြောခဲ့ပေ။ သို့စေကာမူ လူဖမ်းပွဲ စာရင်းတွင် ထိပ်ဆုံးမှ ပါနေသည်ဟု ဆယ်မိနစ်မျှ တင်ကြိုသိရသည်။
နေးရှင်းသတင်းစာတိုက်တွင် အယ်ဒီတာ ကိုလှဖေကို ဖမ်းသောအခါတွင် သတင်းထောက်ပီသပြီး မျက်စိရှင်သည့် ကိုလှထွေးက စစ်စုံထောက်လက်ထဲက စာရွက်ကို ဖတ်မိအောင် ဖတ်လိုက်နိုင်သည်။
စာရွက်ကို ဖတ်ပြီးသည်နှင့် ကိုလှထွေးက `အယ်ဒီတာချုပ်ကို ကန်တော့ပါရစေ´ ဟု တောင်းပန်ပြီး အခန်းထဲဝင်ကာ `ကျနော့်ကို ဖမ်းနေပြီ။ ခင်ဗျားဆီ လာလေရဲ့။ ပြေးချင်လျှင် ပြေးပေတော့´ ဟု ဖုန်းဆက်ကာ သတိပေးလေသောကြောင့် တင်မောင်အဖို့ စစ်စုံထောက်တွေ မလာမီ (၅) မိနစ် တင်ကြိုပြီး ကိုယ်ဖျောက်နိုင်ခဲ့သည်။
`ခင်ဗျားကိုလည်း ဖမ်းမှာပဲ´ ဟု ကြေးမုံအယ်ဒီတာ စိန်ခင်မောင်ရီထံ ဖုန်းဆက်ပါသေး၏။ `ကျနော်လည်း ကြားတယ်။ မပြေးတော့ဘူးဗျ။ ထောင်ထဲမှာ အရက်သောက်ရမှာ မဟုတ်ဘူး။ ၀အောင်သောက်ပြီး မအေပေး တွေကို စောင့်နေတယ်လေ´ ဟု သူက ဖြေသည်။ ကိုခင်မောင်ရီ တယောက် ထောင်ထဲဝင်သောအခါတွင် သူ့ခမျာမှာ လမ်းမလျှောက်နိုင်တော့ သောကြောင့် လေးဖက်ထောက်ပြီး ၀င်ရရှာသည်ဟု ကြားရပါသည်။
တင်မောင်သည် ယခင်က ပြေးနေကျအတိုင်း Guardian သတင်းစာ အယ်ဒီတာ ဦးစိန် ၀င်းနှင့် ဆက်သွယ်ပြီး ပြေးခဲ့ရသည်။ ဤတချီတွင် ဦးစိန်ဝင်းကိုယ်တိုင် လူဖမ်းစာရင်းမှာ ပါသည်ဟု ကြားသဖြင့် နှစ်ယောက်သား တရုတ်တန်းဘက်မှ အိမ်တအိမ်တွင် ရှောင်ပုန်းနေကြသည်။ အကြံအဖန်ကောင်းသူ ဦးစိန်ဝင်းက စစ်စုံထောက်များကို ငှားရလေ့ရှိသည့် အငှားကားများ ပိုင်ရှင်ထံမှ ကားတစီးကို ရအောင်ငှားနိုင် သောကြောင့် နှစ်ယောက်သား သွားလိုရာ သွားနိုင်ခဲ့သည်။ စစ်စုံထောက်များက တင်မောင်တို့ စီးသောကားကို မည်သည့်အခါမှ မရှာဘဲ လွှတ်ပေးသည်။ (၄) ရက်မျှ ကြာသောအခါတွင် လူဖမ်းစာရင်း၌ ဦးစိန်ဝင်း မပါဟု သိရသဖြင့် သူက အိမ်သို့ ပြန်သွားနိုင်လေသည်။
တယောက်တည်း ပုန်းရမည်ဟု သေချာသောအခါ ရက်ရှည်လများ ခိုရန် စီစဉ်ရသည်။ တောမှာ ဆေးကုလာသူတဦး အဖြစ် ၀င်ဒါမီယာလမ်းတ၀ိုက်မှ အိမ်ငယ်ကလေးတခုကို ငှားပြီး ခပ်တည်တည် နေလိုက်သည်။ စစ်စုံထောက်များကလည်း အမျိုးမျိုး လိုက်လံစုံစမ်းကြသည်။ ခပ်အေးအေး တယောက်တည်း တံခါးပိတ်ပြီး စာရေးစာဖတ်နေသောကြောင့် သူတို့ကို မျက်ခြေဖြတ်နိုင်ခဲ့သည်။ (၅) လ တိုင်တိုင် ပုန်းနေနိုင်သည်။ `ကျနော် အဖမ်းခံထိမှာစိုးလို့ ပုန်းနေပါတယ်။ ကယ်ပါဦးခင်ဗျာ´ ဟု ဗိုလ်ချုပ်ကြီး နေ၀င်းထံ စာရေးလိုက်ခဲ့သည်။
စစ်စုံထောက် ဗိုလ်မှူးကြီးများအဖို့ တင်မောင်အား ဖမ်းမမိလေလေ၊ စစ်စုံထောက်ဌာန၏ အစွမ်းသတ္တိ ညံ့ကြောင်း လူသိလေလေဖြစ်ကာ အရှက်ကွဲလေလေ ဖြစ်ခဲ့သည်။
နောက်ဆုံးတွင်မူ ဗိုလ်ချုပ်ကြီးနေ၀င်းက အရှက်ပြေ-မျက်ဖြေ-လွတ်ငြိမ်းခွင့် ပေးရတော့သည်။ `ခင်ဗျားတို့ အယ်ဒီတာချုပ်က သတင်းစာကို ကြာကြာပစ်ထားတာ မကောင်းပါဘူး။ သတင်းစာကို ဖိဖိစီးစီး လုပ်ပါစေ။ ပုန်းမနေပါနဲ့။ မဖမ်းချင်ပါဘူး။ ပြန်ကြားရေးဌာန အတွင်းဝန်နဲ့ တွေ့ပြီး နားလည်မှု ယူလိုက်ပါ´ ဟု မှာကြား သည်။ နောက်တနေ့တွင် အတွင်းဝန်စစ်ဗိုလ်နှင့် တွေ့ပြီးနောက် `မြို့ပုန်း´ ဘ၀မှ လွတ်မြောက်ရတော့၏။
ထိုညက ဗိုလ်ချုပ်ကြီးနှင့် များစွာ ရင်းနှီးသူ ဒေါက်တာမောင်မောင်လည်း ရှိနေသောကြောင့် မျက်ဖြေလွတ် ငြိမ်းခွင့်ပေးသည်ကို ကြားလိုက်ရသဖြင့် ဗိုလ်ချုပ်ကြီး အတွင်းဘက် ခဏသွားခိုက်တွင် `ကျနော့် ယောက္ခမကြီးလည်း အဖမ်းခံ ထိနေတယ်။ ပြောပေးကြပါဦး´ ဟု ဦးလှနှင့် ဆရာဇ၀နတို့အား တိုးတိုး ပြောရှာသည်။
အတန်ကြာမှ ဗိုလ်ချုပ်ကြီး ပြန်လာသောအခါတွင် ဦးလှက ဆရာမောင်မောင်၏ ကိစ္စကို ပြောသောအခါ ဗိုလ်ချုပ်နေ၀င်းက အံ့သြစွာနှင့် `မောင်မောင်ရယ်၊ ဘာလို့ စောစောက မပြောတာလဲကွယ်´ ဟု ညည်းရှာသည်။ ရီတီတီ မူးနေသူ ဆရာဇ၀နက `ကြောက်တာကိုးဗျ´ ဟု ပြက်လုံးထုတ်လိုက်သဖြင့် ပွဲကျသွားသည်ဟု သိရသည်။