Saturday, March 29, 2008

အမ်စတာဒမ်၊ သည်ဟိဂ်နှင့် မီးအိမ်နီရပ်ကွက်

ပထမနေ့
တညလုံးခုတ်မောင်းလာသော ညရထားသည် အမ်စတာဒမ် ဘူတာကြီးသို့ အချိန်မှန်ဆိုက် ရောက်ပါသည်။ အမ်စတာဒမ်မရောက်ခင် ကိုလုံးဘူတာမှာ ခရီးသည်အတော်များများ ဆင်းသွားသဖြင့် ခြောက်ယောက်အိပ်ခန်းတွဲမှာ ကျနော်နှင့်ကိုတင်ထူး နှစ်ဦးသား ချောင်ချောင်ချိချိစီးလာခဲ့ရသည်။ ဘူတာမှာ လာကြိုသူ ကိုမြတ်သီဟနှင့်အတူ ကျနော်တို့တည်းခိုရန် စီစဉ်ထားသော ကိုဆန်နီအိမ်ကို ဘတ်စ်ကားဖြင့် လာခဲ့ကြသည်။ ဘတ်စ်ကားခမှာ ဇုံနှစ်ဇုံစီးရမည်ဖြစ်သောကြောင့် တယောက်စာအတွက် အတွဲလိုက် လက်မှတ်မှ သုံးကွက်ကို ကားမောင်းသူက တုံးထုပေးပါသည်။ လက်မှတ်တကွက်စာအတွက် ကျသင့်ငွေမှာ ယူရို ၀.၈ ဖြစ်ပြီး တဇုံစာခရီးသွားလျှင် အနည်းဆုံး ယူရို ၁.၆ ပေးရပါမည်။ နှစ်ဇုံကိုတော့ သုံးကွက်သာတုံးထု သဖြင့် ယူရို ၂.၄ သာပေးရသဖြင့် တခေါက်စာလက်မှတ်ဝယ်သည်ထက် ယူရို ၀.၈ သက်သာပါသည်။ လက်မှတ် အတွဲမှာ အတိုနှင့် အရှည် နှစ်မျိုးရောင်းသည်ဟု ကိုမြတ်သီဟက ရှင်းပြပါသည်။
တည်းခိုသည့် အိမ်မှာ ရေမိုးချိုး၍ ထမင်းစားကြပါသည်။ အိမ်ရှင် ကိုဆန်နီ အိမ်ရသည်မှာ မကြာသေး သဖြင့် အိမ်မှာ ဖုန်း၊ အင်တာနက်နှင့် တီဗီလိုင်းများ မတတ်ဆင်ရသေးပါ။ ထမင်းစားပြီး ဟိုဟိုဒီဒီ ကြည့်ရန် အမ်စတာဒမ် စင်ထရယ်ကို ကားပြန်စီးလာကြပါသည်။ ဘူတာကြီးရှေ့နားတွင် ဆိုင်တွေ၊ အဆောက်အဦတွေ၊ လူတွေနှင့် စည်ကားနေပါသည်။ လိင်မှုပြတိုက်ကို ၃ ယူရိုပေး၍ ၀င်ကြည့်ကြသည်။ ပန်းချီကားများ၊ အရုပ်များ၊ ရှေးဟောင်း လိင်မှုဆိုင်ရာ ဗီဒီယိုခွေများ ပြသထားပြီး တချို့သောပြကွက်များကို ကြည့်ကာ မိန်းခလေးများ တခွီးခွီးနှင့် ရီနေကြသည်။
ပြတိုက်မှအထွက် မိုးကရွာလာသဖြင့် လှည့်ပတ်ကြည့်ရှုခြင်းကို ရပ်နားကာ အိမ်ပြန်ကြဖို့ ဆုံးဖြတ်ကြ ပါသည်။ အိမ်မပြန်ခင် နာမည်ကျော် မီးအိမ်နီရပ်ကွက်အတွင်းမှ တရုတ်စားသောက်ဆိုင်မှာ သုံးယောက်သား တမင်းနှင့်ဟင်းများမှာစားကြပြီး ကျသင့်ငွေမှာ ယူရိုငါးဆယ် ဖြစ်လေသည်။
ဒုတိယနေ့
ယမန်နေ့ညက အိမ်ရှင်ကိုဆန်နီ ပြန်ရောက်လာပြီး မအိပ်ခင် စကားပြောကြသေးသည်။ ဒီမနက်အိပ်ရာ ထတော့ မနေ့ညက စကားဝိုင်းကို ဆက်ကြသည်။ ကိုဆန်နီက တရားဝင်နေထိုင်ခွင့်ရသည်မှာ မကြာသေး။ နယ်သာလန်ရောက်တာတော့ ဆယ်လလောက်ရှိပြီ။ ကိုဆန်နီ အသက် ၂၂ နှစ်မှာ ဂျပန်မှာ အလုပ်သွားလုပ် သည်။ လေးနှစ်အလုပ်လုပ်ပြီး ဖမ်းမိသွားကာ မြန်မာပြည်ပြန်ပို့ခံရသည်။ ရန်ကုန်မှာ တနှစ်လောက်နေပြီး ဂျပန်ကို နောက်တကြိမ်ပြန်သွားကာ အလုပ်လုပ်သည်။ လေးနှစ်အကြာမှာ ထပ်အဖမ်းခံရကာ မြန်မာပြည်ပြန် ရောက်သည်။ တတိယအကြိမ်ပြည်ပထွက်တော့ ဂျပန်ကိုမဟုတ်တော့ဘဲ ပွဲစားဖြင့် အမေရိကကို ၀င်ရန် ကြိုးစားသည်။ ပွဲစားစီစဉ်ပေးလိုက်သည့် ပတ်စ်ပို့အတုကို တောင်ကိုးရီးယားလေဆိပ်မှ လ၀ကများက ဖော်ထုတ်လိုက်နိုင်သဖြင့် အမေရိကန် အစီအစဉ်ပျက်သွားသည်။ တကြိမ်မအောင်မြင်လျှင် နောက်တကြိမ် ကြိုးစားခွင့်ရှိသည်ဟု ပွဲစားက ဆိုသည်။ ဒုတိယအကြိမ်မှာတော့ နယ်သာလန်ကို ရောက်လာခြင်းဖြစ်သည်။
ကိုဆန်နီပြောပြသည်များကို ကော်ဖီသောက် နားထောင်ရင်း အပြင်သွားကြဖို့ ကိုမြတ်သီဟက နှိုးဆော်သည်။ သူ့အစီအစဉ်အရ ဒီနေ့ ကမ္ဘာ့တရားရုံးရှိရာ သည်ဟိဂ် မြို့ကို သွားကြမည်။ အဲဒီမှာ ညအိပ်ကြ မည်ဖြစ်သည်။ အားလုံးအဆင်သင့်ဖြစ်တော့ ဘတ်စ်ကားဖြင့် အမ်စတာဒမ် စင်ထရယ်ကို ပြန်လာကြသည်။ ဘတ်စ်ကားပေါ်မှ ခရီးသည်များသည်လည်းကောင်း၊ လမ်းများပေါ်တွင်သွားလာနေသော လူများသည်လည်း ကောင်း ကျနော်တွေ့ရသည်မှာ ဒတ်ခ်ျလူဖြူများ မဟုတ်ကြ။ အညိုရောင်များ၊ အမဲရောင်များ၊ အ၀ါရောင်များကို တွေ့ရသည်သာများသည်။ ခေါင်းမြီးခြုံထားသူ အမျိုးသမီးအတော်များများကိုတွေ့တော့ `ဟ၊ ငါရောက်နေတာ ဟော်လန်မှ ဟုတ်ရဲ့လား။ တီဟီရန်များရောက်နေသလား´ အောက်မေ့ရသည်။ တကယ်တော့ အမ်စတာဒမ် သည် ကမ္ဘာအရပ်ရပ်မှ အခြေချနေထိုင်ရန် ပြောင်းရွေ့လာသူများဖြင့် မက်ထရိုပိုလီတန်မြို့ဖြစ်နေပုံရပြီး ဘတ်စ်ကားဒရိုင်ဘာများကလည်း အင်္ဂလိပ်စကားအတော်ပြောနိုင်ကြပါသည်။
အမ်စတာဒမ်မှာ သည်ဟိဂ်ကို အမြန်ရထား မိနစ်လေးဆယ်ခန့် စီးရပါသည်။ လက်မှတ်ခမှာ တဦးလျှင် ယူရို ၁၀။ ရထားလမ်းဝဲယာတွင် ရေသွင်းတူးမြောင်းများ၊ ပန်းစိုက်ခင်းများကို တွေ့ရသည်။ ဟော်လန်မှ ပြည်ပ ပို့ကုန်များတွင် ပန်းများလည်းပါသည်။ နွေရာသီပန်းတွေပွင့်ချိန်ဒီရထားကို ပြန်စီးလျှင် ရောင်စုံပန်းခင်းကို ဖြတ်သွားရသလိုဖြစ်နေလိမ့်မည်။ `ဟော်လန်နိုင်ငံသားတွေဟာ ရေကို ပြုပြင်ရာမှာ အထူးကျွမ်းကျင်တယ်၊ မကျွမ်းကျင်လို့လည်း မရဘူး။ အမ်စတာဒမ်မြို့ကြီးက ပင်လယ်ရေမျက်နှာပြင်ရဲ့အောက်မှာရှိနေတာ။ ပင်လယ်ရေတွေကိုသာ ထိန်းမထားနိုင်ရင် ရေအောက်ရောက်နေလိမ့်မယ်´ ဟု ကိုမြတ်သီဟ ရှင်းပြသည်။ တဆက်တည်းသူက `ကျနော်လည်း ဒီရောက်တာ ၇ နှစ်ရှိပြီ။ နော်ဝေးလေး ဘာလေး အဆင်ပြေရင် သွားလည်ချင်တယ်။ တောတွေ တောင်တွေ မြင်ချင်လို့ပါ။ ဒီနိုင်ငံမှာက တောင်မမြင်ရဘူးဗျ´ ဟုဆိုသည်။
သည်ဟိဂ်ဘူတာမှာ လာကြိုနေသူက ကျော်မိုးသူ။ သူ့အစီအစဉ်အရ Madurodam ဟုခေါ်သောနေရာကို ဓါတ်ရထားဖြင့်ရောက်သွားကြသည်။ ၀င်ကြေးငွေ ၁၃ ယူရိုပေးရသော ထိုနေရာတွင် နယ်သာလန်နိုင်ငံအတွင်း ရှိ အထင်ကရနေရာများဖြစ်သည့် ရဲတိုက်များ၊ နန်းတော်များ၊ ဆိပ်ကမ်းများ၊ အစိုးရရုံးဆိုက်ရာအဆောက်အဦး များ၊ လေယာဉ်ကွင်း စသည့်နေရာများကို တနေရာတည်းမှာ တွေ့ရအောင် ပုံစံတူဆောက်လုပ်ထားခြင်း ဖြစ်သည်။ လူငယ်များ၊ ခလေးများ အထူးစိတ်ဝင်စားမည့်နေရာတခု ဖြစ်သည်။
ထိုနေရာမှအပြန် နယ်သာလန်လွှတ်တော်ဘေးမှ ဖြတ်၍ တရုပ်တန်းသို့ရောက်ပြီး တရုတ်ဆိုင်မှာ စားကြသောက်ကြ၏။ စားသောက်ပြီး ကျော်မိုးသူတို့အိမ်ကို မသွားခင် ကမ္ဘာ့တရားရုံးကို သွားကြည့်ကြသည်။ တရားရုံးရှေ့မှာတော့ ဖလန်ဂေါင်ဂိုဏ်းသားတဦး တကိုယ်တော် ဆန္ဒပြနေသည်။
ထိုညက ကျော်မိုးသူတို့ညီအကို နေထိုင်ရာ တိုက်ခန်းတွင် ဂစ်တာတီး သီချင်းဆိုသူကဆို၊ ထမင်းဟင်း ချက်သူကချက်၊ ဟိုမေးသည်မေး လုပ်သူကလုပ်နှင့် အချိန်က ကုန်မှန်းမသိ။ ထိုမြို့တွင် ကျော်မိုးသူတို့ ညီအကို အပြင် ကိုမန်းခေါ် ချင်းလူငယ်တဦးလည်း နေထိုင်သည်။ ကိုမန်းဆီ လာလည်သူ ကချင်လူငယ် ဆန်းကြာ ကိုလည်း ထိုညက ကျော်မိုးသူတို့အခန်းတွင် ဆုံခဲ့ရပါသည်။

တတိယနေ့
တတိယမြောက်နေ့တွင် ဥထရက်မြို့သို့ သွားလည်ကြမည်ဟု ကိုမြတ်သီဟ စီစဉ်ထားပါသည်။ လမ်းတွင် အမ်စတာဒမ် အပြည်ပြည်ဆိုင်ရာလေဆိပ်ကို ၀င်ကြည့်ကြသည်။ နိုင်ငံတကာ အဆင့်မှီ ခေတ်မီလေဆိပ်ကြီး ဖြစ်သည်။ အမ်စတာဒမ်လေဆိပ်မှ တဆင့် အခြားဥရောပမြို့ကြီးများသို့ အမြန်ရထားဖြင့် ခရီးဆက်သွားလိုပါက အဆင်ပြေအောင်စီစဉ်ပေးထားသည်။ သို့သော် ရထားများအကြောင်း၊ ခရီးစဉ်အကြောင်း လက်ကမ်းစာစောင်ကိုတော့ ဒတ်ခ်ျဘာသာတခုတည်းဖြင့်သာတွေ့ရသည်။ လေဆိပ်မှ ဥထရက်သို့အသွားတွင် အမ်စတာဒမ်စင်ထရယ်ကို မ၀င်ရတော့ပါ။ နယ်သာလန်တွင် ရထားများဖြင့် ခရီးသွားရာတွင် အဆင်ပြေအောင် စီစဉ်ထားသည်ကို တွေ့ရပါသည်။ ဥထရက်ဘူတာတွင် မြန်မာပြည်သားဆွေမျိုးများကိုတွေ့ကြ၊ နှုတ်ဆက်စကား ပြောကြသေးသည်။ ပြီးတော့ ကိုဇော်ကြီး (ခေါ်) ကိုမျိုးဇော် နှင့် ကိုခင်မောင်အေး တို့စီစဉ်ထားသည့် နေရာကို ချီတက်ကြသည်။ ထိုနေရာကို ရထားတဘူတာ ထပ်စီးရသည်။ လမ်းက စူပါမားကပ်တခုမှာ စားစရာသောက် စရာတွေဝယ်ရသည်။ ထိုမြို့မှာနေသော လူများစုမှာ ဒေသခံဟော်လန်သားများ ဖြစ်ကြသည်။ ကိုမြတ်သီဟ၊ ကိုမျိုးဇော်နှင့် ကိုခင်မောင်အေးတို့မှာ နယ်သာလန်သို့ ရှေ့ဆင့်နောက်ဆင့် အတူရောက်သူများဖြစ်ကြသည်။ ကိုခင်မောင်အေးက ရှစ်ဆယ့်ရှစ်တုံးက ဆန္ဒပြခဲ့သည့် လေတပ်ရဲဘော်ဟောင်းတဦးဖြစ်သည်။ သူတို့အားလုံး နယ်စပ်ကျောင်းသားစခန်းများနှင့် မနီလွိုင်ကျောင်းသားစခန်းများကို ဖြတ်သန်းခဲ့ကြသူများဖြစ်သည်။ ယခု လက်ရှိလည်း နယ်သာလန်ရှိ မြန်မာ့ဒီမိုကရေစီအရေး လှုပ်ရှားမှုများမှာတက်တက်ကြွကြွ ပါဝင်နေသူများ ဖြစ်လေတော့ သူတို့နှင့် စကားတွေ အများကြီး ပြောဖြစ်ကြသည်။ ကျနော်တို့ တည်းသည့် ကိုဆန်နီအိမ်အပြန် မှာတော့ ကိုခင်မောင်အေးက ကျနော်တို့နှင့် အတူလိုက်လာခဲ့သည်။
စတုတ္ထနေ့
ဒီနေ့ညနေရထားဖြင့် ကျနော်တို့ပြန်ကြမည်ဆိုတော့ အိမ်ကထွက်ကတည်းက အ၀တ်အစားအိတ်များ တပါတည်း ယူလာခဲ့ရန် ကိုမြတ်သီဟက အကြံပေးသည်။ ဘူတာကြီးမှာ အိတ်တွေအပ်တော့ ကျသင့်ငွေ ၇ ယူရိုကို ခရက်ဒစ်ကပ်ဖြင့်ပေးရသဖြင့် လုံခြုံရေးအတွက်ပါ တပါတည်း စီစဉ်ထားပြီး ဖြစ်နေပုံရသည်။ ဒီနေ့ အစီအစဉ်အရ ဟော်လန်နိုင်ငံသားပန်းချီပညာရှင် ဗင့်ဆင့်ဗင်ဂိုး ပြတိုက်ကို သွားကြမည်ဖြစ်သည်။ အမှတ် (၅) ဓါတ်ရထားဖြင့် ဗင့်ဂိုးပြတိုက်ကိုရောက်တော့ လူတွေတန်းစီနေကြပြီ။ ၀င်ကြေးက ယူရို ၁၀။ အထဲမှာ လိုက်ကြည့်စဉ် ရှင်းပြတာကို နားထောင်နားကြပ်ဖုန်းလေးတွေအတွက် ၄ ယူရို ထပ်ပေးရသည်။ ဘာသာစကား ရွေးချယ်ရန် ပေးထားသည့် ဆယ်မျိုးခန့်တွင် ဂျပန်သာသာကိုလည်းတွေ့ရသည်။ ဗင့်ဂိုးပြတိုက်အသစ်ကို ဂျပန်က ဒီဇိုင်းထုတ်၍ ဆောက်လုပ်ပေးထားကြောင်း သိရသည်။ ပန်းချီကားများဘေးမှ ရှင်းပြထားသော ပိုစတာများတွင်တော့ ဒတ်ခ်ျဘာသာနှင့် အင်္ဂလိပ်ဘာသာနှစ်မျိုးသာ တွေ့ရသည်။ ပန်းချီကားနှင့်ပတ်သက်တာ ကို သိလိုလျှင် သူနှင့်သက်ဆိုင်သည့် နံပါတ်ကို နားကြပ်စက်တွင် နှိပ်လိုက်လျှင် အင်္ဂလိပ်လို ရှင်းပြပါသည်။ ပြတိုက်အတွင်း ကျနော်တို့ရှေ့မှ ရောက်နေသူများ၊ ကျနော်တို့နောက်မှ တဖွဲဖွဲဝင်လာနေသူများကို ကြည့်ကာ အသက် ၃၇ နှစ်အရွယ်မှာကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သွားခဲ့သည့် ပန်းချီကျော်ဗင်ဂိုးသည် နယ်သာလန် နိုင်ငံသားကောင်းပီသစွာ သူ့နိုင်ငံကို အလုပ်အကြွေးပြုပေသကားဟု တွေးနေမိပါသည်။ ပြတိုက်မှာ တနာရီ ကျော်နေပြီး၍ ကျနော်တို့ ပြန်ထွက်လာသည်အထိ နောက်ထပ်ဝင်လာသူတွေကို တန်းစီနေကြတုံးပါ။ နောက်ရက် နောက်ရက်တွေမှာလည်း ဒီလိုပဲ တန်းစီပြီး ဗင်ဂိုးရဲ့လက်ရာတွေကို လူတွေလာကြည့်နေကြလိမ့် အုံးမည်မှာ ဖြစ်လေတော့ ဗင်ဂိုးပြတိုက်ရယ် အမ်စတာဒမ်လေဆိပ်ရယ်က ရတဲ့ဝင်ငွေနဲ့တင် အမ်စတာဒမ်မြို့ သားတွေ ထိုင်စားနေလို့ရလောက်သည်။ `နှစ်စဉ်လွှတ်တော်မှာ ဘတ်ဂျက်ခွဲရင် တခြားပြည်နယ်တွေက ၀င်ငွေ ပိုကောင်းတဲ့ အမ်စတာဒမ်ကို အမြဲပဲ ဝေစုတောင်းလေ့ရှိတယ်´ ဟု အမ်စတာဒမ်မြို့သားကြီး ကိုမြတ်သီဟ က ရှင်းပြသည်။
ပြတိုက်မှ အထွက် နှင်းတွေကျလာသည်။ ဥရောပမှာ နွေဦးရာသီဝင်တော့မှာမို့ ဆောင်းကိုနှုတ်ဆက်သည့် နှင်းတွေပဲ ဖြစ်မည်။ စင်္ကာပူမှာလာသည့် အင်ဂျင်နီယာကိုတင်ထူးကတော့ ကျလာသည့်နှင်းတွေကို အမိအရ ဓါတ်ပုံရိုက်နေသည်။ သူ့အဖို့တော့ နှင်းဆိုတာ မြင်ရခဲသည့်အရာဖြစ်နေမည်။
ဒမ်စကွဲယားကိုရောက်တော့ နှင်းတွေကြားထဲကပဲ ဓါတ်ပုံရိုက်ကြသည်။ နေ့လည်စာကို ထိုင်းဆိုင်မှာစားသည်။ ကိုမြတ်သီဟ က ခေါက်ဖတ်၊ ကျန်သုံးယောက်က ဖတ်ကဖောင်ကိုင်၊ အအေးတခွက်စီသောက်ပြီး ပိုက်ဆံရှင်း တော့ ယူရို ၆၀ ကျသည်။ ကိုခင်မောင်အေးက ထိုနေ့လည်စာကို ဒကာခံသည်။ ကျနော်တို့ ဆိုင်ထဲဝင်လာတော့ ဆိုင်ရှင်အန်တီကြီးနဲ့ အလုပ်သမားတွေက ထိုင်းတွေဟု ထင်နေသည်။ ကျနော်တို့ ထိုင်းမဟုတ်မှန်းသိတော့ အမ်စတာဒမ်ကို လာလည်နိုင်တာ အတော်ချမ်းသာတဲ့မြန်မာတွေ ဖြစ်မယ်ဟု သူတို့ အချင်းချင်း ထိုင်းလို အတင်းချနေကြသည်။ အမ်စတာဒမ်က အစစအရာရာ ဈေးကြီးသည်ဆိုတော့ သူတို့ထင်မယ်ဆိုလည်း ထင်စရာ။ နောက်မှ ကိုမြတ်သီဟက သူအမ်စတာဒမ်မှာနေကြောင်း ပြောပြမိတ်ဆက်သည်။
စားသောက်ပြီးတော့ ဗိုက်တင်းတင်းရှိသည်နှင့် မီးအိမ်နီရပ်ကွက်ကို လမ်းလျှောက်ရင်း ပတ်ကြည့်ကြသည်။ အတော်ကြီးသည့် ရပ်ကွက်ကြီးဖြစ်ပြီး လိင်မှုဆိုင်ရာ စူပါမားကတ်၊ ရုပ်ရှင်ရုံ၊ လိုက်ဖ်ရှိုး (၀င်ကြေး ယူရို ၂၀ မှ ၂၅၊ တရုံနှင့်တရုံ ဈေးမတူ)၊ နှစ်ယူရိုပေး၍ ကြည့်ရသည့်နေရာ စသည်ဖြင့် စုံလှသည်။ ကော်ဖီဆိုင်တွေမှာတော့ ဆေးခြောက်ကို တရားဝင်ရှုနေကြသူတွေနှင့် ပြည့်ကျပ်နေသည်။ လမ်းလျှောက်ရင်း ညောင်းလာသည်နှင့် ဘူတာသို့ပြန်လာကာ ကော်ဖီသောက်ရင်း ရထားမထွက်ခင်အနားယူကြသည်။ လိုက်ပို့သူများနှင့် လမ်းမခွဲခင် ကိုခင်မောင်အေးက လာမည့်နွေရာသီမှာ သူဖင်လန်နိုင်ငံ ဟယ်ဆင်ကီးကိုသွားမည့်အကြောင်း၊ ဖင်လန်ရောက် တုံး စုစုနွေးစာသင်ကျောင်းကိုလည်း သွားရောက်လေ့လာမည်ဖြစ်ကြောင်း၊ နယ်သာလန်မှာလည်း မြန်မာစာ သင်သည့်ကျောင်းလေး ဖြစ်လာအောင်တည်ထောင်ဖို့ ရည်ရွယ်ထားသည့်အကြောင်းများ ပြောပြနေပါသည်။
ရထားဝင်လာတော့ ကိုပင်ဟေဂင်၊ ဘာလင်၊ မော်စကို၊ ပရာဟာ့ စသည့် ခရီးလမ်းဆုံးမတူသည့် မြို့များကို မမှားအောင် ကိုယ်နှင့်သက်ဆိုင်သည့်တွဲကို တက်ကာ အိပ်စက်လိုက်ပါလာခဲ့ပါတော့သည်။ ။
(ခရီးစဉ်အတွင်းကူညီပေးခဲ့သောသူများအားလုံးအား ကျေးဇူးအထူးတင်ရှိပါသည်။ ဤပို့စ်ကို ဘလော့ဂ်၏ ဆိုဒ်ဘား တွင်တင်ထားသည့် `အမ်စတာဒမ်၊ သည်ဟိဂ်နှင့် မီးအိမ်နီရပ်ကွက်´ ဓါတ်ပုံအယ်လ်ဘမ်နှင့်အတူ ဖတ်ရှုပါက ပိုအဆင်ပြေပါလိမ့်မည်။)

Friday, March 21, 2008

ကိုမြတ်သီဟ အမ်စတာဒမ်မှာနေသည်

နယ်သာလန်ကအဖွဲ့တွေနှင့် အွန်လိုင်းမှာတွေ့တိုင်း သူတို့ဆီ လာလည်ဖို့ အမြဲခေါ်တတ်သည်။ ဒိန်းမတ်ကနေ အမ်စတာဒမ် ကို ညရထားရှိသည်။ ကောလင်း Kolding ဘူတာမှ ည ကိုးနာရီ တွင်ထွက်သော City Night Line ရထားသည် အမ်စတာဒမ်ဘူတာကြီးကို နောက်တနေ့ မနက်ဆယ်နာရီခွဲတွင်ရောက်မည်။ ရထားလက်မှတ်ခက နှစ်ယောက်အတူသွားလျှင် တယောက်တည်းသွားသည်ထက် ဈေးပိုသက်သာသည်။ အသွားအပြန်လက်မှတ်ခ တဦးကို ခရိုနာ ၈၀၀ (US$ 160) ခန့်နှင့် အိပ်စင်လက်မှတ်အတွက် တဦးကို အသွား အပြန် ခရိုနာ ၃၀၀ (US$ 60) ခန့် ထပ်ပေးရသည်။ လေယာဉ်လက်မှတ် ကြိုတင်ဘွတ်ကင်လုပ်နိုင်ရင်လည်း သက်သာသော လေကြောင်းလိုင်းတွေ ရှိသည်။ ရထားလက်မှတ်ခနှင့် ဈေးသိပ်မကွာ။
အမ်စတာဒမ်မှာနေသော ကိုမြတ်သီဟကို ၁၉၉၉ ခုနှစ် မနီလွိုင်ကျောင်းသားစခန်းမှာဆုံဘူးသည်။ ညနေဖက် ဘော်လီဘောအတူကစားနေကျမို့ ကျနော်ကသူ့ကိုသိသော်လည်း သူကကျနော့်ကို ကောင်းကောင်း မမှတ်မိ။ ကျနော်ကလည်း ကျောင်းသားစခန်းမှာနေတာ သိပ်မကြာလိုက်တာကြောင့်လည်း ဖြစ်မည်။
နယ်သာလန်ကို လာလည်ဖို့ ခေါ်တတ်သူ နောက်တဦးက ညီညီထွေး၊ သူက ဥထရက်မြို့ Utrecht မှာ ကျောင်းတက်နေသည်။ ကျနော့်ဘလော့ဂ်မှတဆင့် မိတ်ဆက်လာသူ မိသင်းသင်း ကလည်း ဥထရက်မှာ နေသည်။ သူကလည်း သူတို့ဆီလာရင် လည်စရာတွေ လိုက်ပို့ပေးဖို့ တာဝန်ယူမည့်သူ။ သို့သော် ကျနော်ရထားလက်မှတ်ဝယ်ပြီးကြောင်း အီးမေးလ်ပို့လိုက်တော့ သူလည်း ပိတ်ရက်မှာ ချက်နိုင်ငံ ပရာဟာ့ နှင့် သြစတြီးယားနိုင်ငံ ဗီယင်နာ မြို့ တွေကို သွားလည်ဖို့ စီစဉ်ထားပြီပြီဟု ပြန်စာလာသည်။ ကိစ္စတော့ မရှိ။ သူမရှိပေမယ့် တခြားသူတွေ ရှိမည်။ သူ့ကိုလည်း ချက်ရောက်ရင် ဆက်သွယ်ဖို့ မစပယ်စိုး ဖုန်းနံပါတ်ပေးလိုက်သည်။
ကျနော်နှင့်အတူ နယ်သာလန်သို့ ခရီးထွက်လာသူမှာလည်း ကျနော့်ကို ဘလော့ဂ်မှ ဆက်သွယ်လာသည့် နော်ဝေးမှာ သင်တန်းလာတက်နေသည့် စင်္ကာပူမှ အင်ဂျင်နီယာ ကိုတင်ထူး ဖြစ်သည်။ သူကလည်း အလုပ်ပိတ်ရက်မှာ ရောက်တုန်းရောက်ခိုက် ဥရောပကို အလည်ခရီးထွက်ချင်သည်။ အမ်စတာဒမ် အဖွဲ့တွေကလည်း အလည်ခေါ်ထားသည် ဆိုတော့ အလုပ်ပိတ်ရက်မှာ ရထားလက်မှတ်ဝယ်ပြီး တူးမြောင်းများ၊ စက်ဘီးများ ပေါများပြီး မြန်မာနိုင်ငံသားတွေလည်း နေထိုင်ကြသော အမ်စတာဒမ်မြို့ကြီးကို ကြည့်ရန် ကျနော် လာခဲ့ပါပြီ ။ ။

Saturday, March 15, 2008

ဘာမီတွန်ပေးပါ

ငယ်ငယ်က ကာတွန်းဖတ်ခဲ့တဲ့ ကာတွန်းတွေထဲက ပြာလောင်ကာတွန်းတပုဒ်ကို မှတ်မိနေသည်။ ပြာလောင် နေမကောင်း၍ ဆေးခန်းသွားပြသည်။ ဆေးခန်းမှာသူ့ရှေ့က လူတွေတယောက်စီ ဆရာဝန်နဲ့ ၀င်တွေ့နေတာကို သူမြင်နေကြားနေရသည်။ ဆရာဝန်က လူနာကို မေးသည်။
`ကဲ ဘာဖြစ်လဲ ပြော..´
`ညက အအေးမိသွားလို့ အခုကိုယ်ပူနေတယ် ဆရာ´
`ဟုတ်လား.. ရော့ ဘာမီတွန်ယူသွား´
နောက်တယောက်ဝင်လာသည်။
`ဘာဖြစ်သလဲ´
`ဗိုက်အောင့်နေတယ် ဆရာ´
`အော်.. ဟုတ်ပြီ ဘာမီတွန်ယူသွားလိုက်နော်´
နောက်တဦးအလှည့်ဖြစ်သည်။
`ဘာဖြစ်သလဲ ပြောပါ´
`ကျနော် ခေါင်းတွေမူးနေတယ်ဆရာ´
`ဟုတ်လား … ဒါဆို ဘာမီတွန်လေး သောက်လိုက်နော်´
ပြာလောင့်အလှည့် ရောက်လာသည်။
`ကဲ .. ဘာဖြစ်လဲပြော´
`ဘာမီတွန် ပေးပါ´
`ဘာကွ၊ မင်းက ဆရာဝန်လား ငါက ဆရာဝန်လား´
ပြာလောင်က ဘာဖြစ်သည်ကို မပြောဘဲ ဘာမီတွန်ပေးပါ ဆိုတော့ ဆရာဝန် စိတ်တွေဆိုးတော့သည်။
သက္ကရာဇ် ၂၀၀၃ ခုနှစ် စက်တင်ဘာလ မလေးရှား ယူအမ်ဒုက္ခသည်ရုံးမှာ ကျနော် မှတ်ပုံတင်တော့ ထုတ်ပေးလိုက်သည့် စာရွက်တွင် ၂၀၀၄ ခု မတ်လတွင် ရုံးသို့ပြန်လာရန် ရေးထားသည်။ ခြောက်လဆိုသော အချိန်သည် ဘာမှ မကြာလိုက်။ ချိန်းထားသည့် ရက်မှာ ကျနော့်လိုပဲ စာရွက်လေးတွေကိုင်ပြီး ရောက်နေသူ အများကို တွေ့ရသည်။ ကျနော့်ရှေ့က ၀င်သွားသူများ ပြန်ထွက်လာသည်။ `ဘယ်လိုလဲ၊ ဘာထူးလဲ၊ ဘာတွေ မေးလဲ´ ကျနော်က စပ်စုသည်။ `ဘာမှ သိပ်မမေးပါဘူး၊ နောက်ခြောက်လ ထပ်ချိန်းလိုက်တယ်´။ နောက်တယောက်မေးလိုက်တော့လည်း အဖြေက `နောက်ခြောက်လ ချိန်းလိုက်တယ်ဗျ´။ ဆိုတော့ ယူအမ်က `ဘာမီတွန်´ တွေပေးနေပြီ။ ကျနော့်အလှည့် ရောက်ရင် ပြာလောင်လို `ဘာမီတွန်ပေးပါ´ ပြောရမလား၊ `နောက် ခြောက်လနေတော့ ပြန်လာမယ်နော်´ ဟု ပြောရမလား စဉ်းစားနေရင်း ကျနော့်နာမည် ခေါ်သံ ကြားရသည်။
ရုံးခန်းအတွင်း စားပွဲတွင်ထိုင်နေသူက မလေးအမျိုးသမီး တဦး၊ ယူအမ်မှ ခန့်ထားသည့် ဒေသခံ ၀န်ထမ်းဖြစ်မည်၊ အဆုံးအဖြတ်ပေးနိုင်သည့် အရာရှိအဆင့်မရှိဟု ကျနော်တွက်မိသည်။ `ကဲ.. ထိုင်၊ ဘယ်မှာ နေလဲ၊ ဘာတွေလုပ်လဲ´ ဟု ဆိုကာ ပဋိသန္ဓာရ စကားကို အရင်ဆိုသည်။ အရေးမပါသော မေးခွန်းများ၊ ပြီးရင် ဘာမီတွန်လာမည်။
ကျနော့်အိတ်ထဲမှာ အင်တာဗျူးလျှင်ပြမည့် စာရွက်စာတမ်းများပါလာသည်။ ထိုထဲမှာ သတင်းစာ ဖြတ်ပိုင်းတခုကို ထုတ်ကာ `ဒီမှာ မိန်းခလေး၊ ပြောစရာလေးတခုရှိလို့ပါ´ ဆိုတော့ `ပြောလေ´ တဲ့။ ဒါနဲ့ပဲ ကျနော်က `ဒီသတင်းစာ ဖြတ်ပိုင်းလေးဟာ စတားသတင်းစာကပါ၊ ကိုယ်တို့အဖွဲ့တွေ ဒီပဲယင်းလုပ်ကြံမှုကို မကျေနပ်လို့ ကွာလာလမ်ပူက မြန်မာသံရုံးရှေ့မှာ ဆန္ဒပြတဲ့အကြောင်းရေးထားတာပါ။ အဲဒီကိစ္စကို ဟောဒီ ယူအမ်ရုံးကြီးက စိတ်ဝင်စားမလားလို့ပါ´ ဆိုတော့ `ဒီထဲမှာ ယူ ပါလို့လား´တဲ့။ `သတင်းထောက်တွေမေးတာ ကို ဖြေခဲ့တာ ကိုယ်ပါပဲ။ ကိုယ့်နာမည် သတင်းထဲမှာ ပါပါတယ်´ ဆိုလိုက်တော့ သူဖတ်ကြည့်လိုက်ပြီး `ခဏ စောင့်ပါ´ ဆိုပြီး အခန်းအပြင်ကို သတင်းစာဖြတ်ပိုင်းနဲ့အတူ ထွက်သွားသည်။
သိပ်မကြာပါ။ ပြန်ရောက်လာတော့ `ယူ့ကို အင်တာဗျူးလိမ့်မယ်၊ ဟောဒီမှာ အင်တာဗျူးမယ့် နေ့စွဲ၊ အဲဒီနေ့ကျရင် လိုအပ်မယ်ထင်တဲ့ စာရွက်စာတမ်းတွေ ယူလာပေါ့´ ဆိုလေသည်။ သို့ဖြင့် ကျနော်လည်း ထိုနေ့က ယူအမ်မှ ပေးသည့် ဘာမီတွန်နှင့် လွဲခဲ့ရပါသည်။
(ကျနော် ယူအမ်တွင်ပြခဲ့သည့် သတင်းစာဖြတ်ပိုင်းကို အောက်တွင် ကြည့်နိုင်ပါသည်။ ခွပ်ဒေါင်းအလံ ကိုင်ထားသူ နှစ်ဦးအနက် တဦးမှာ ယခုတလော ဘလော့ဂ် လောကတွင်ရေပန်းစားနေသော ပျူနိုင်ငံ ဘလော့ ရေးသားသူ ဖြစ်ပါကြောင်း…)


တိုက်တိုက်ဆိုင်ဆိုင်

ဒီအပတ်ထဲ သတင်းတွေ ဖတ်ကြည့်တော့ `ပယ်ချမှု´ နှစ်ခု နှင့် `အစည်းအဝေး´ နှစ်ခု တွေ့ပါသည်။ `ပယ်ချမှု´ နှစ်ခုအနက် တခုမှာ မြန်မာစစ်အစိုးရပြုလုပ်မည့် ဆန္ဒခံယူပွဲအား ကုလသမဂ္ဂမှ စောင့်ကြည့်မည် ဆိုသည်ကို နအဖ က ပယ်ချပါသည်။ နောက်တခုမှာ မလေးရှားရွေးကောက်ပွဲတွင် ပြည်နယ်အတော်များများ အတိုက်အခံတို့ အနိုင်ရသွားသည့်အတွက် လက်ရှိဝန်ကြီးချုပ် ထွက်ပေးရန် တောင်းဆိုသည်ကို မစ္စတာ ဘာဒါဝီက ပယ်ချပါသည်။
အစည်းအဝေး နှစ်ခုအနက် တခုကတော့ ဘင်္ဂလားဒေ့ရှ် ဒါကာမြို့တော်တွင်ကျင်းပနေသော အိုအိုင်စီ ခေါ် အစ္စလာမ်နိုင်ငံများပါဝင်ဖွဲ့စည်းထားသည့် အဖွဲ့ချုပ်၏ အစည်းအဝေး ဖြစ်ပါသည်။ ထိုအစည်းအဝေးတွင် တမန် တော် မိုဟာမက်အား ကာတွန်းရေးသည့် ဒိန်းမတ်နိုင်ငံအား စီးပွားရေးသပိတ်မှောက်ရန်ကိစ္စနှင့် နယ်သာလန် နိုင်ငံတွင် ရုံတင်ပြသမည့် အစ္စလာမ်ဘာသာအား ဝေဖန်သည့် ရုပ်ရှင်အား အရေးယူရန် ကိစ္စများ တိုင်ပင်နေ သည်ဟု ဖတ်ရပါသည်။ နောက်အစည်းအဝေး တခုက ဥရောပနိုင်ငံများ၏ အီးယူစည်းဝေးပွဲဖြစ်ပါသည်။ ဥရောပနိုင်ငံများကတော့ ကမ္ဘာကြီးပူနွေးလာမှုကြောင့် ဖြစ်ပေါ်ပြောင်းလဲလာမည့် ရာသီဥတုဖောက်ပြန်မှုများ ကြောင့် အပူပိုင်းဒေသအာဖရိကမှ လူများ ပူလွန်းသောကြောင့် သူတို့ နေရာမှာ မနေနိုင်ပဲ အစုလိုက်အပြုံလိုက် အလုံးအရင်းနှင့် ဥရောပတိုက်ကို ၀င်ရောက်လာနိုင်သည့်အရေး ဆွေးနွေးနေကြပါသည်။
`ပယ်ချမှု´ နှစ်ခုသည်လည်းကောင်း၊ `အစည်းအဝေး´ နှစ်ခုမှ ဆုံးဖြတ်များသည်လည်းကောင်း သက်ဆိုင်ရာ နိုင်ငံများတွင်မှီတင်းနေထိုင်သူများနှင့် ကမ္ဘာပေါ်ရှိ လူသားများအပေါ် မည်သို့ အကျိုးသက်ရောက် မှုရှိလာမည်ဆိုသည်ကိုတော့ စောင့်ကြည့်ရမည် ဖြစ်ပါကြောင်း …

(၂) ဒီမိုကရေစီအစိုးရနှင့် သတင်းစာများ (ကြေးမုံဦးသောင်း)

တင်မောင်တို့ သတင်းစာဆရာများအဖို့ အင်္ဂလိပ်ခေတ်က ကျွန်ဘ၀သာ ဖြစ်ခဲ့သော်လည်း ယဉ်ကျေးသော အစိုးရများဖြစ်ကြသောကြောင့် လွတ်လပ်မှုအရသာကို ကောင်းစွာခံစားခဲ့ရလေသည်။ လွတ်လပ်သော မြန်မာအစိုးရခေတ်သို့ ရောက်သောအခါတွင်မူ သတင်းစာတို့၏ တန်ခိုးသြဇာကြီးမားလာကာ အစိုးရအဖွဲ့ဝင်များ နှင့် သတင်းစာဆရာများသည် ထီးပြိုင်နန်းပြိုင်ဘုရင်များ ဖြစ်လာကြတော့သည်။ ဒီမိုကရေစီအစိုးရဟူသည်မှာ ပြည်သူတို့က ဆန္ဒမဲပေးကာ တင်မြှောက်သည့် အစိုးရမင်းများဖြစ်ကြလေရာ လူထုကိုယ်စားလှယ်များ ဖြစ်ကြသည်။
၁၉၅၆ ခုနှစ်က ဖြစ်ရပ်ကလေးကို တင်ပြပါရစေ။
`အမိန့်ရှိပါခင်ဗျာ၊ နိုင်ငံတော်ဝန်ကြီးချုပ်အိမ်က စကားပြောနေပါတယ်။ ဘယ်က ခေါ်ပါသလဲခင်ဗျာ´
`ကျနော် ဦးတင်မောင်၊ ဗမာ့ခေတ်သတင်းစာ အယ်ဒီတာချုပ်ပါ´
`ဟုတ်ကဲ့ ဦးတင်မောင်၊ ကျနော်က ၀န်ကြီးချုပ်ရဲ့ အတွင်းရေးအရာရှိတဦးပါ။ ကျနော် ဘာလုပ်ပေး ရမလဲခင်ဗျာ´
`ကျနော် အခုချက်ချင်း ၀န်ကြီးချုပ်နှင့် တွေ့လိုပါတယ်´
`အခု ဘယ်အချိန်ရှိပြီဆိုတာ သိပါသလားခင်ဗျာ´
`သိပါတယ်လေ။ ည (၁၁) နာရီခွဲ ကျော်ပါပြီ။ အချိန်နှောင်းနေပါပြီ။ ဒါပေမယ့် ၀န်ကြီးချုပ်ကို အခု ချက်ချင်း တွေ့မှ ဖြစ်မယ့် ကိစ္စမို့ပါ´
`မဖြစ်နိုင်ဘူး ဆရာရေ့´
`ဘာလို့လဲ၊ အဖိုးကြီးနဲ့ တွေ့မှ ဖြစ်မှာပါ´
`၀န်ကြီးချုပ်က ဘုရားဆောင်ဝင်နေပါတယ်။ တရားထိုင်နေပါတယ်။ သန်းခေါင်ကျော်မှ ထွက်လာ မှာပါ။´
`ဒါဖြင့် ကျနော်အခုလာခဲ့မယ်။ သူထွက်လာတဲ့အခါ တွေ့တာပေါ့´
ထိုညက ၀န်ကြီးချုပ်ဦးနုနှင့် တွေ့ပြီး ဆွေးနွေးရပါသည်။ နှစ်နာရီကျော်ကြာ တိုင်ပင်ကြသဖြင့် နံနက် မလင်းတလင်းတွင်မှ ပြန်လာရလေသည်။
တင်မောင်၏ ပြဿနာမှာ မိမိ၏ သတင်းစာတိုက် (ဗမာ့ခေတ်သတင်းစာတိုက်) ကို ကျောင်းသားများ က ၀ိုင်းထားသဖြင့် သတင်းစာမထွက်နိုင်သော ကိစ္စဖြစ်သည်။
ထိုနေ့နံနက်က သတ္တမတန်းစာမေးပွဲ ဖြေဆိုသောနေ့ဖြစ်သည်။ စာမေးပွဲတွင် မေးမြန်းသည့် မေးခွန်း များ ပေါက်ကြားနေသည်ကို တိကျစွာ သတင်းရရှိသဖြင့် ဗမာ့ခေတ်တွင် ပေါက်ကြားသော မေးခွန်းများကို မူရင်းအတိုင်း ဖော်ပြခဲ့သည်။ သတင်းမှန်လွန်းသဖြင့် ပညာရေးဌာနအဖို့ မငြင်းနိုင်သောကြောင့် စာမေးပွဲကို ဖျက်လိုက်သည်ဟု ကြေညာလိုက်ရသည်။ စာမေးပွဲဖြေရန် စာစစ်ခန်းသို့ သွားကြသော ကျောင်းသားများသည် တံခါးပိတ်ကာ ကပ်ထားသည့် ကြေညာစာကို ဖတ်ကြရရာမှ မကျေမနပ်ဖြစ်ကြကာ ပညာရေးဝန်ကြီးဌာနရုံးကို ၀ိုင်းကာ ဆန္ဒပြကြတော့သည်။
ကျောင်းသားများ၏ မကျေနပ်ချက်ကို ၀န်ကြီးရုံးက ပြေလည်အောင် ဖြေရှင်းမပေးနိုင်သဖြင့် မေးခွန်း များ ဖော်ပြသော ဗမာ့ခေတ်သတင်းစာတိုက်သို့ ချီတက်လာပြီး သတင်းစာတိုက်ကို ၀ိုင်းကြတော့လေသည်။
ရဲအဖွဲ့က တင်ကြိုသိထားသောကြောင့် ဗမာ့ခေတ်တိုက်ရှေ့မှ စောင့်နေကြသည်။ ဒေါသနှင့် ချီတက် လာသော ကျောင်းသားများနှင့် ရဲအဖွဲ့တို့ ထိပ်တိုက်တွေ့ကြရာမှာ ရုန်းရင်းဆန်ခတ် ဖြစ်ပွားလေတော့သည်။ ကျောင်းသားတဦး သေနတ်ထိသွားရှာသည်။ ငယ်ရွယ်သူကျောင်းသားကလေးများက ဒဏ်ရာရရှိသော ကျောင်းသားကို ဆေးရုံသို့ မပို့ဘဲ ပုခုံးပေါ်မှာ တင်ထမ်းပြီး ဆန္ဒပြကြလေသည်။ ထိုကျောင်းသားငယ် (ဟယ်ရင် တန်) သေဆုံးသွားလေရာ ကျောင်းသားများက မကျေနပ်နိုင်တော့ဘဲ ဗမာ့ခေတ်ရှေ့မှာ တပ်စွဲထားပြီး ဆက်လက်ဆန္ဒပြကြလေတော့သည်။ သတင်းစာအလုပ်သမားများ ၀င်ခွင့်မပြုသောကြောင့် သတင်းစာမထွက် နိုင်တော့ပါ။
ထိုကြောင့် အစိုးရက ကျောင်းသားများကို ဖယ်ရှားပေးရန်၊ ဖြေရှင်းပေးရန် ၀န်ကြီးချုပ်အား တင်မောင် က ပန်ကြားပါသည်။
ဝန်ကြီးချုပ်က ပြည်ထဲရေးဝန်ကြီးကို ဖုန်းဆက်မေးမြန်း၏။ အခြေအနေအ၀၀ကို တင်မောင်နှင့် တိုင်ပင် ပြီး စဉ်းစားကြသည်။ ငယ်ရွယ်သူ ကျောင်းသားကလေးများ၏ ပြဿနာဖြစ်သောကြောင့် ညင်သာစွာ ကိုင်တွယ် သင့်သည်ဟု ၀န်ကြီးချုပ်က ဆုံးဖြတ်လိုက်သည်။
ရဲအဖွဲ့က ကျောင်းသားများကို ဖယ်ရှားပေးရန် တင်မောင်၏ တောင်းဆိုချက်ကို လိုက်လျောမှုမပြုသော ကြောင့် နောက်တနေ့ နံနက်မှာ သတင်းစာမထွက်နိုင်တော့ပါ။ နိုင်ငံသားတို့၏ အမှုကိစ္စကို ၀န်ကြီးချုပ်ကိုယ် တိုင် သန်းခေါင်ကျော် လင်းအားကြီးအထိ လက်ခံတွေ့ဆုံအရေးယူစဉ်းစားဆောင်ရွက်သည်မှာ များစွာ ကျေနပ် ဖွယ်ကောင်းလှပေသည်။
လိပ်ခဲတည်းလည်းဖြစ်နေသော ဗမာ့ခေတ်သတင်းစာတိုက်ရှေ့၌ တပ်စွဲထားသည့် ကိစ္စကို ဖြေရှင်းရန် အတွက် နောက်တနေ့ နံနက်တွင် ၀န်ကြီးချုပ်အိမ် သွားရပြန်လေ၏။
သက်ဆိုင်ရာ ၀န်ကြီးများပါ တက်ရောက်ပြီး ဆွေးနွေးကြသောအခါတွင် ကျောင်းသားငယ်များ ဒေါသပြေငြိမ်း ရေးက အရေးကြီးသဖြင့် အစိုးရက တင်မောင်အား ဖမ်းဆီးရန် ဆုံးဖြတ်ကြပါသည်။ တင်မောင်ကလည်း အဖမ်း ခံပါမည်ဟု သဘောတူခဲ့သည်။ ပြည်ထဲရေးဝန်ကြီးနှင့် ပြန်ကြားရေးဝန်ကြီးတို့၏ အဆိုပြုချက်သည် မှန်ကန် သဖြင့် တင်မောင်က လက်နှစ်ဖက်ကို ပူးတွဲပြကာ လက်ထိပ်ခတ်ခံပါမည်ဟု ပြောရလေသည်။ စာမေးပွဲခန်းကို ပုံနှိပ်သဖြင့် နိုင်ငံတော်လျှို့ဝှက်ချက်ကို ပေါက်ကြားစေမှုဖြင့် အရေးယူရန် ဆုံးဖြတ်ခဲ့၏။
လက်တွေ့မှာ လက်ထိပ်ခတ်ခြင်း မခံရပါ။ ရဲတို့က အာမခံပေးပိုင်သော အမှုဖြစ်လေသောကြောင့် အာမခံပြီး မိတ်ဆွေတဦးနှင့်အတူ ရဲဌာနသို့ တင်မောင်သွားရောက်ပြီး အဖမ်းခံခဲ့ပါ၏။ (၁၅)မိနစ်အတွင်း အာမခံ နှင့် ပြန်ထွက်ခဲ့နိုင်လေသည်။ ဖြစ်ခဲ့ရသော ကိစ္စအ၀၀အတွက် ဂြိုလ်မွှေသူ တရားခံသည် သတင်းစာဖြစ်သည် ဆိုကာ တင်မောင်အား ဖမ်းလိုက်သောအခါတွင် ကျောင်းသားများက အောင်မြင်စွာ တပ်များကို ရုပ်သိမ်းသွား ကြတော့သည်။
ဤတွင်မှ တင်မောင်နှင့် အဖွဲ့သားများ တိုက်ထဲပြန်ဝင်နိုင်ပြီး သတင်းစာကို ဆက်လက်ထုတ်ဝေနိုင် ပါတော့သည်။ တင်မောင်အား ဖမ်းဆီးအရေးယူသည်ဆိုသော အမှုကြီးကို လပေါင်းများစွာ စစ်ဆေးမှုမပြုဘဲ ဆွဲထားပြီး၊ ကာလရှည်ကြာပြီး ကျောင်းသားများ မေ့လောက်သောအခါတွင်မှ အစိုးရက ပြန်လည်ရုပ်သိမ်း ခဲ့ပေသည်။
ကျောင်းသားများအဖို့ ၀မ်းမြောက်ဝမ်းသာ အောင်ပွဲခံနိုင်ကြပါသည်။ မေးခွန်းပေါက်ကြားမှုကြောင့် ပျက်သွားရသော သတ္တမတန်းစာမေးပွဲကို ပြန်လည်စစ်ဆေးခြင်းမပြုတော့ဘဲ စာဖြေသူအားလုံးကို အောင်စေ အမိန့်ထုတ်ပြီး (၈)တန်းသို့ အတန်းတင်ပေးလိုက်လေသည်။ ကံဆိုးရှာသူ ကျောင်းသားကလေးတယောက် အသက်ဆုံးရှုံးရသည်မှတပါး အေးချမ်းပျော်ရွှင်စွာ ဇာတ်သိမ်းခဲ့၏။
ကြီးမားသော ပဋိပက္ခကြီးကို သတင်းစာဆရာနှင့် အစိုးရတို့ `မြွေမသေတုတ်မကျိုး´ ဖြေရှင်းနိုင်ကြ သည်မှာ လွတ်လပ်သော ဒီမိုကရေစီစနစ်၏ အကျိုးကျေးဇူး ဖြစ်ပေသည်။
ဤသို့သော မွန်မြတ်သော ဒီမိုကရေစီစနစ်ကို အလိုအလျောက် လွယ်ကူစွာ ရရှိခဲ့သည် မဟုတ်ပေ။ အမြော်အမြင်ကြီးမားသူ သတင်းစာဆရာများနှင့် နိုင်ငံရေးခေါင်းဆောင်များ ပူးပေါင်းကာ လူထုကြီး၏ အင်အား နှင့် အားထုတ်ရယူခဲ့ပေသည်။ နှစ်ပေါင်းများစွာ တိုက်ခိုက်ရယူခဲ့ကြရသည်။ သွေးနှင့် ချွေးနှင့် တိုက်ခဲ့ရ ပေသည်။ ။

Sunday, March 9, 2008

(၁) အမွန်အစပေါ်ဦးစ မြန်မာသတင်းစာများ (ကြေးမုံဦးသောင်း)

မြန်မာသတင်းစာတို့သည် လွတ်လပ်စွာ ဖွားမြင်လာခဲ့ကြပေသည်။
လွတ်လပ်ခွင့်ကို အစဉ်တဆက် ထိန်းသိမ်းလာသော အင်္ဂလိပ်တို့က သတင်းစာများကို ဗမာပြည်နှင့် မိတ်ဆက်ပေးခဲ့သည်။ ရန်သူတို့က ယူဆောင်လာသည်ဖြစ်စေကာမူ မြန်မာဘုရင်နှင့် မြန်မာများက အင်္ဂလိပ် သတင်းစာများကို ထူးခြားဆန်းပြားသော စိတ်ကူးတခုအဖြစ် များစွာ ကြိုက်နှစ်သက်ကြလေသည်။ ပွင့်လင်းသော မြန်မာစာပေနှင့် သန်စွမ်းသောဘာသာရေးအခြေအနေများသည် လွတ်လပ်သော သတင်းစာများ တိုးတက်စည်ပင်နိုင်သည့် မြေကောင်းရေကောင်း ဖြစ်နေလေသည်။ ထို့ကြောင့် အင်္ဂလိပ်တို့ သယ်ဆောင် လာသည့် သတင်းစာကို `တယ်ကောင်းပါလား´ ဟု ဆိုကာ စိတ်ဝင်စားကြလေသည်။
မြန်မာတို့သည် မြန်မာစာကို (၁၁) ရာစုနှစ် ပုဂံခေတ်က စတင်ရေးသားခဲ့ကြသည်။ ထိုခေတ်က ရှေးမြန်မာကြီးများသည် ကျောက်ပြားများပေါ်တွင် ထွင်းထုကာ စာရေးသားကြပြီး နောင်လာနောက်သား ဖတ်ရှုရန်အတွက် ထားရှိခဲ့ပေသည်။ ယခုထက်တိုင် ကျောက်စာပေါင်း (၅၀၀) ကျော်ကို ဖတ်ရှုနိုင်ကြသေး သည်။ `လွတ်မြောက်ပြီဖြစ်သော ငါသည် မလွတ်လပ်သေးသူတို့အား လွတ်စေအံ့´ ဟု အလောင်းစည်သူ ဘုရင်ကြီးက ခရစ်သက္ကရာဇ် ၁၁၅၀ ခုနှစ်က ရေးခဲ့သည်ကို ဖတ်ရှုကာ ဗုဒ္ဓအဘိဓမ္မာနှင့် မြန်မာတို့၏ လွတ်လပ်ရေးခံယူချက်ကို သိနိုင်ပေသည်။
Maulmain Chronicle အမည်ရှိသော သတင်းစာသည် ပထမဆုံး မြန်မာသတင်းစာ ဖြစ်လာသည်။ ၁၈၂၃ ခုနှစ်မှာ စတင်ပြီး ၁၈၂၆ ခုနှစ်မှာ ပြီးဆုံးသော ပထမအင်္ဂလိပ်-မြန်မာစစ်ပွဲတွင် အောက်မြန်မာပြည်မှ နယ်မြေအချို့တို့ကို အင်္ဂလိပ်တို့က သိမ်းနိုင်ခဲ့သည်။ ယင်းသတင်းစာကို အင်္ဂလိပ်စစ်တပ်များ၏ အာဘော် အဖြစ် ထုတ်ဝေစဉ်က အမေရိကန် သာသနာပြုအဖွဲ့တခုက တည်းဖြတ်စီစဉ်ပေးခဲ့လေသည်။
ရန်ကုန်မြို့သို့ အင်္ဂလိပ်တပ်များ ပြောင်းရွှေ့ပြီး ရုံးစိုက်သောအခါတွင် အစိုးရသတင်းစာအများ ပေါ်လာပြီး ပုဂ္ဂလိကတို့ကပါ ၀င်ရောက်တည်ထောင်စပြုခဲ့ကြသည်။ ထိုအချိန်တွင် အထက်ဗမာပြည်သည် လွတ်လပ်သော နိုင်ငံတခုဖြစ်ပြီး တိုးတက်သော မြန်မာမင်းတပါးက အုပ်ချုပ်နေသည်။
ခရစ်နှစ် ၁၈၅၃ ခုကစပြီး ၁၈၇၈ ခုနှစ်အထိ အထက်ဗမာပြည်တွင် နန်းစံသူ မင်းတုန်းမင်းတရားကြီးသည် အင်္ဂလန်၊ အိန္ဒိယနှင့် ရန်ကုန်မှလာသော သတင်းစာများကို ပညာရှိ အမတ်မင်းများကို ဖတ်စေကာ လုံးစေ့ပတ်စေ့ ဘာသာပြန်ပြီး တင်လျှောက်စေသည်။
`ကျွန်ုပ်တို့သည် အသက်ဦးပိုင် အဆန်ဆုံး၊ သဘောထားအသေးဆုံး၊ မလိမ္မာဆုံး၊ အမြော်အမြင် အနည်းဆုံး၊ အရက်စက်ဆုံးနှင့် မတရားဆုံးသော အစိုးရ၏ အုပ်စိုးခြင်းကို ခံနေကြရပေသည်´ ဟု အောက်မြန် မာနိုင်ငံ အင်္ဂလိပ်အစိုးရကို The Rangoon Chronical သတင်းစာဆရာက ၁၈၅၃ ခု၊ ဇန်န၀ါရီလ (၅) ရက်နေ့ စွဲ သတင်းစာမှာ ပြင်းထန်စွာ ဝေဖန်ထားသည်ကို ဘုရင်ကြီးက နှစ်သက်အံ့သြတော်မူခဲ့သည်။ ထိုအချိန် ထိုအခါက မြန်မာနိုင်ငံသားတဦးအဖို့ မိမိ၏ဘုရင်ကို ပြန်လည်ဝေဖန်ရန် အမှုကိစ္စကို တွေးရန်ပင် မတွေးဝံ့ကြပါ။
အုပ်ချုပ်သူများကို ယခုကဲ့သို့ ပြန်လည်ဝေဖန်သည်မှာ သက်ဦးဆံပိုင်ခေတ်တွင် ရှိနေသော ရတနာပုံ နေပြည်တော်အဖို့ ကြီးမားသော တော်လှန်ရေးကြီး ဖြစ်နေပေသည်။ ဘုရင်နှင့်တကွ အမတ်များသည် ရန်သူ၏ နယ်မှ လာသော သတင်းစာများကို တအံ့တသြ စိတ်ဝင်စားမိခဲ့ကြသည်။
အစိုးရကို ပြင်းထန်စွာ ဝေဖန်ခဲ့သော ရန်ကုန်မှ သူရဲကောင်းကြီး၏ အကြောင်းကမူ သီးခြားဇာတ်လမ်း ဖြစ်ပေသည်။ ထိုသတင်းစာထုတ်ဝေသူမှာ မစ္စတာလူးဝစ်ဆိုသူ ရှေ့နေတဦးဖြစ်၏။ ပြင်းထန်သော စကားလုံး များကို အသုံးပြုကာ ဝေဖန်ပြစ်တင်သည်မှာ ရည်ရွယ်ချက်ရှိပေသည်။ သူသည် ကြီးပွားလိုသော ရည်မှန်းချက် နှင့် သတင်းစာထုတ်ဝေသူဖြစ်သည်။ သူ၏ အကြောင်းကို သိရှိနားလည်သော အင်္ဂလိပ်အာဏာပိုင်တို့က သူ့ကို အစိုးရရာထူးတခု ပေးအပ်ပြီး နှုတ်ပိတ်လိုက်ရာမှ ဝေဖန်သံ ဆိတ်သွားခဲ့သည်။
ဇာတ်လမ်းကို မသိရှာသော ဘုရင်ကြီးမှာမူ သတင်းစာများနှင့် သတင်းစာဆရာများ၏သတ္တိကို အသည်းစွဲနေလေတော့သည်။
ထိုထက် စောစောကပင် အထက်မြန်မာပြည်သို့ ပုံနှိပ်စက်တလုံးရောက်ရှိနေခဲ့ပြီ ဖြစ်၏။ မစ္စတာ ယုဒသန်ဆိုသူ အမေရိကန်သာသနာပြုဆရာတဦးက ခရစ်ယာန်ဘာသာ တရားစာများ ပုံနှိပ်ရန် တည်ထောင် ခဲ့သည်။ ထိုစက်အတွက် ဘုရင်က ငွေကြေးထောက်ပံ့ခဲ့သောကြောင့် ယင်းပုံနှိပ်စက်တွင် မြန်မာဓမ္မသတ်များ၊ ဥပဒေများလည်း ပုံနှိပ်သည်။ ပထမဆုံးမြန်မာဘာသာနှင့် ပုံနှိပ်သော `နိဗ္ဗာန်ဘုံသို့ သွားရာလမ်း´ အမည်ရှိ သော ခရစ်ယာန်ကျမ်းစာအုပ်ကို ၁၈၁၆ ခုနှစ်က ထုတ်ခဲ့သည်။
သတင်းစာကို ကြိုက်နှစ်သက်နေသော ဘုရင်ကြီးအဖို့ မိမိနန်းမြေတွင် ပုံနှိပ်စက်ကလည်း အသင့်ရှိ နေသဖြင့် ဆောလျင်စွာ သတင်းစာလုပ်ငန်းကို တည်ထောင်တော်မူလေသည်။ ဘုရင်၏ အာဘော်ဖြစ်သော ရတနာပုံ နေပြည်တော်သတင်းစာ အင်္ဂလိပ်ဘာသာနှင့် Mandalay Gazette ကို ၁၈၇၄ ခုနှစ်တွင် စတင်ထုတ် ဝေခဲ့သည်။ နောက် (၄)နှစ်အကြာကာလတွင် ရန်ကုန်တွင်လည်း အင်္ဂလိပ်တို့ပိုင်သော သတင်းစာများကို တုံ့ပြန်ရန် ရည်ရွယ်ချက်နှင့် မြန်မာသံတော်ဆင့် သတင်းစာကို ရန်ကုန်မြို့တွင် အခြေစိုက်ပြီး မင်းတုန်းမင်း ကပင် ထုတ်ခဲ့သေးသည်။
ထိုသတင်းစာများကို သက်ဦးဆံပိုင် မြန်မာဘုရင်က ပိုင်သော်လည်း သတင်းစာများသည် လွတ်လပ်စွာ ရေးသားခွင့်ရှိသည်ဟု လွတ်လပ်စွာရေးသားခွင့်ကို ဥပဒေပြုကာ ပေးအပ်ခဲ့၏။ ပုဒ်မပေါင်း (၁၇)ချက်ပါဝင်သော သတင်းစာများ လွတ်လပ်ခွင့်ဥပဒေကို ထုတ်ပြန်အတည်ပြုခဲ့ရာတွင် ယင်းဥပဒေပုဒ်မ (၃)တွင် (၃) ချက်၊ ဥရော ပတိုက်၊ အိန္ဒိယနိုင်ငံ၊ တရုတ်နိုင်ငံ၊ ယိုးဒယားနိုင်ငံ စသည်များက အရပ်ရပ်အကြောင်းအရာကို ကြားသိရသဖြင့် နိုင်ငံသားတို့ အလုပ်အကိုင်၊ အကူးအသန်း၊ အကြံအစည်တိုးတက်ရန် အကျိုးအတွက် ထုတ်ဝေသော သတင်း စာဖြစ်သည်ဟု ဖော်ပြထားလေသည်။
အရာရှိဆိုးများကို သတင်းစာက ဖော်ထုတ်ရေးသားကာ ပြစ်တင်ရှုတ်ချ ဝေဖန်ရေးသားရန် အခွင့်ပေး သော စာပိုဒ်ကိုလည်း ဥပဒေပုဒ်မ (၈)တွင် `ပြည်သူတို့တွင် မတော်ပြုကျင့်သူရှိခဲ့လျှင် ၎င်းသတင်းစာက ကဲ့ရဲ့ ကြေညာ၍ ပြုမိသူနှင့်တကွ လူအများရွံ့ကြောက်ကြသဖြင့် အတိုင်းအထက်အလွန်ကောင်းမွန်ကြရန်အကျိုး´ ဟု ဖော်ပြပါရှိလေရာ ယနေ့သတင်းစာလောကအတွက်ပင် ပြီးပြည့်စုံသော သတင်းစာဥပဒေဖြစ်ပေသည်။ ထို့ပြင် ညီလာခံ အစည်းအဝေးတခု ကျင်းပစဉ်တွင် သတင်းစာဆရာတို့၏ လွတ်လပ်ခွင့်ကို သိဒ္ဓိတင်ပေးခဲ့သေး သည်။
`ငါမကောင်းက ငါ့အကြောင်း ရေး။ ငါ၏မိဖုရားတွေ မကောင်းလျှင် သူတို့အကြောင်းကိုရေး။ ငါ့သားတော်၊သမီးတော်များ မကောင်းလျှင်လည်း သူတို့အကြောင်းကို ရေး။ လွှတ်တော်တရားသူကြီးတွေ၊ မြို့ဝန်တွေ မကောင်းလျှင်လည်း ဒင်းတို့အကြောင်းကိုရေး။ မှန်ကန်တဲ့အကြောင်းကို ရေးတာကြောင့် သတင်း စာဆရများကို မည်သူကမှ အရေးမယူစေရ။ သတင်းစာဆရာများကို နန်းတော်တွင်းသို့ လွတ်လပ်စွာ သွားလာ ခွင့်ရှိကြစေ´ ဟု စေတလုံးပေးခဲ့ပေသည်။
မြန်မာမင်းများလက်ထက်တွင် လွတ်လပ်စွာ ရေးသားကြစေဟု အထူးအခွင့်အရေးကို ရွှေစာလုံးများနှင့် ရေးသားထားခဲ့သော ဥပဒေနှင့် မြန်မာသတင်းစာများ ပေါက်ဖွားလာခဲ့ပေသည်။
ယင်းနောက် နိုင်ငံတခုလုံး အင်္ဂလိပ်ကျွန်ဘ၀သို့ ရောက်ရှိသွားစေကာမူ သတင်းစာများသည် အထိုက်အလျှောက် လွတ်လပ်ခဲ့ပေသည်။ သို့သော် အင်္ဂလိပ်အစိုးရအဖို့ သူတို့၏ နိုင်ငံချဲ့စနစ် တည်မြဲရေးကို ထိန်းသိမ်းရပေသည်။ အထက်တွင် ရေးခဲ့သည့်အတိုင်း အင်္ဂလိပ်အစိုးရကို ပက်ပက်စက်စက် ဆဲရေးဝေဖန်သူ အယ်ဒီတာကို ရာထူးပေးပြီး နှုတ်ပိတ်သကဲ့သို့ ပရိယာယ်နှင့် အုပ်ချုပ်ခဲ့သည်။ သတင်းစာနှင့် ပုံနှိပ်တိုက်ဆိုင်ရာ စည်းကမ်းဥပဒေများလည်း ချမှတ်ခဲ့သည်။
၁၉၄၇ ခုနှစ်က တင်မောင်၏ အတွေ့အကြုံကလေးကို မှတ်မိပါသေးသည်။
`တို့တတွေ ပြန်တိုက်ကြမှ ဖြစ်မယ်။ ဒါဟာ သတင်းစာလွတ်လပ်ခွင့်ကွ´ ဟု မြန်မာပြည်သတင်း ထောက်များအသင်း အစည်းအဝေးတွင် အသင်းခေါင်းဆောင်က ပြောပါသည်။ ထိုနေ့နံနက်က အင်္ဂလိပ်ပုလိပ် မင်းကြီးက ထုတ်ပြန်သော အမိန့်ကို တိုက်ကြရန် စည်းဝေးခဲ့ကြသည်။
ရန်ကုန်မြို့ရှိ ပုလိပ်ဌာနများတွင် အမှုတခုကို လာရောက်တိုင်တန်းသည်နှင့် တပြိုင်နက် တိုင်ချက်ကို စာရေးကြီးက မှတ်ကြရသော `ပထမ သတင်းမှတ်တမ်း´ ဟုခေါ်သော စာအုပ်ကြီးထားရှိကြရသည်။ သတင်းထောက်များက ပုလိပ်ဌာနများကို သွားရောက်ပြီး ထိုမှတ်တမ်းကြီးကို ဖတ်ပြီး အမှုဖြစ်ပွားသော ဒေသ သို့ သွားရောက်ထောက်လှမ်းရလေ့ရှိသည်။ ထိုနေ့နံနက်ကမူ မှတ်တမ်းစာအုပ်များကို သတင်းထောက်များ ဖတ်ခွင့်မရှိဟု ပုလိပ်မင်းကြီးက အမိန့်ထုတ်လိုက်ခဲ့သည်။
အမိန့်ထုတ်စေကာမူ အပေါင်းအသင်းကောင်းလျှင် ခိုးဝှက်ဖတ်ရှုနိုင်ကြသဖြင့် ကျနော်တို့ သတင်း ထောက်များအဖို့ မထိခိုက်ပါ။ သို့စေကာမူ သတင်းပိတ်သော ပုလိပ်မင်းကြီး အာဏာပြသည်ကို ခပ်ဆတ်ဆတ် ကလေး ပြစ်တင်ကြရန် ညှိခဲ့ကြသည်။
နောက်တနေ့တွင် ရန်ကုန်မြို့မှ ထုတ်ဝေသော သတင်းစာ (၃၉) စောင်စလုံးတို့တွင် သတင်းတူ တပုဒ်ကို ဖော်ပြကြလေသည်။
`ပုလိပ်မင်းကြီး မိမိကိုယ်မိမိ သတ်သေခြင်း´ ဟူသော ခေါင်းစဉ်နှင့် ဖော်ပြထားလေသည်။ ရန်ကုန်မြို့ ပုလိပ်မင်းကြီးသည် မိမိကိုယ်မိမိ သတ်သေသွားရှာသည်ဟု သတင်းရရှိကြောင်းနှင့် ဖွဲ့နွဲ့ရေးသားကာ ယင်းသတင်းကို ယမန်နေ့ညက ရရှိသော်လည်း ဆက်လက်စုံစမ်းအတည်ပြုချက်မရပါဟု ရေးသားထား၏။
နောက်တနေ့တွင် ပုလိပ်မင်းကြီးက သတင်းစာရှင်းလင်းပွဲ ခေါ်တော့သည်။ ဒေါသကြောင့် မျက်နှာကြီး ပိုနီနေသည့် ပုလိပ်မင်းကြီးက `ဒီလိုမဟုတ်မမှန် သတင်းကို ဘယ်ကရသလဲ´ ဟု မေးလေသည်။ `အမည်မဖော်နိုင်တဲ့ ဒေသက ရပါတယ်။ ကျနော်တို့ သတင်းထောက်များမှာ ပုလိပ်ဌာနက ပထမသတင်းမှတ် တမ်းကိုလည်း ဖတ်ရှုခွင့်မရှိတော့ မှန်၏၊ မှား၏ မသိဖြစ်ရ၊ မသိကြရပါ´ ဟု မျက်နှာသေကလေးများနှင့် ဖြေလိုက်ကြသည်။
တင်မောင်တို့ အောင်နိုင်ပါသည်။ သတင်းပေးသူ၏ အမည်ကို သတင်းစာများက ဖွင့်မပြောရဟူသော စည်းကမ်းကို သိသဖြင့် ပုလိပ်မင်းကြီးက ဆက်လက်မေးမြန်းခြင်းမပြုတော့ပါ။ အမှုမှတ်တမ်းစာအုပ်ကြီး ကိုလည်း ဖတ်ခွင့်ရရှိလိုက်ပါသည်။
ကျွန်ဘ၀တွင်နေရစေကာမူ ယဉ်ကျေးသူများနှင့် ဆက်ဆံကြရသည်မှာ နှစ်သိမ့်ဖွယ် ကောင်းပါသည်။ မိမိက နိုင်ရသည်ဖြစ်စေ၊ အရှုံးပေးလိုက်ရသည်ဖြစ်စေ သာယာကြည်နူးဖွယ်ကောင်းပါ၏။ ။

Saturday, March 1, 2008

အမျိုးသမီးအခွင့်အရေးနှင့် ပတ်သက်၍…

မြန်မာပြည်မှာတော့ ကျီးမနိုးပွဲ၊ ဒီနိုင်ငံတွေမှာတော့ နှစ်သစ်ကူးမယ့် ဒီဇင်ဘာ ၃၁ ရက်နေ့ည ဆို နှစ်သစ်ကို ကြိုဆိုကြပြီး တညလုံး မအိပ်ကြတော့ဘူး။ မနက်မိုးလင်းလို့ကြည့်လိုက်ရင် ကိုယ့်အိမ်ရှေ့မှာ လမ်းပေါ်က ဆိုင်းဘုတ်တွေရောက်လိုရောက်၊ စာတိုက်ပုံးတွေ ရိုက်ဖျက်လိုဖျက်နဲ့ တခုခုတော့ မှားယွင်းနေတော့တာပဲ။ ဒီနှစ်လည်း အိမ်က စာတိုက်ပုံးကို အိမ်ရှင်က အသစ်လာပြန်တပ်ထားပြီးပေမယ့် ပုံးပေါ်မှာ အိမ်နံပါတ်နဲ့ အိမ်သားတွေနာမည် မရေးရသေးတာနဲ့ ဟိုတနေ့ကမှ ရေးလိုက်ရတယ်။ အိမ်သားတွေနာမည်ရေးတော့ ဒီတခါ တော့ ကိုယ့်နာမည်ကို အရင်မရေးဘို့ သတိရတာနဲ့ အမျိုးသမီးနာမည်ကို အရင်ရေး၊ ပြီးမှ ကိုယ့်နာမည်၊ ပြီးတော့ ခလေးသုံးယောက်နာမည် အစဉ်အတိုင်းရေးလိုက်တယ်။ အရင်နှစ်တွေက ကိုယ့်နာမည်အရင်ရေးနေ ကျဆိုပေမယ့် ဒီနိုင်ငံဓလေ့ကိုက အမျိုးသမီးနာမည်ကိုပဲ အရင်ရေးကြပါတယ်။
ဟိုတလောလေးကလည်း ဒိန်းမတ်ရောက် မြန်မာတယောက်နဲ့ ဒိန်းမတ်ရောက် ဖိလစ်ပင်းသူ တယောက် ဖူးစာဆုံကြတဲ့ မင်္ဂလာဆောင်ဧည့်ခံပွဲမှာ နဖူးစည်းစာတမ်းကို ယောက်ျားလေးနာမည် အရင်ရေးပြီးမှ မိန်းခလေးနာမည် ရေးထားတဲ့အတွက် ဧည့်ခံပွဲလာတဲ့ ဒိန်းမတ်သူတဦးက ဆင်ခြေတက်တော့ စာတမ်းကို ချက်ခြင်းပြန်ပြင်ပေးဖို့ အခွင့်မသာခဲ့ပါ။ နောက်ကို သတိထားမှလို့တော့ ကိုယ့်မြန်မာအချင်းချင်း သတိပေးရပါတယ်။
အမေရိကရောက် သူငယ်ချင်းတယောက်ကလည်း `တို့ဆီမှာ အမျိုးသမီးအခွင့်အရေးပထမ၊ နောက် ခလေးသူငယ်ဒုတိယ၊ ပြီးရင် ခွေးအခွင့်အရေးတတိယ ပြီးမှ ငါတို့မဟာပုရိသ အခွင့်အရေးလာတာကွ´ တဲ့။
သိုးဆောင်းစကားပုံတခုကြားဘူးတာကလည်း `ဘယ်လောက်ပဲ ကြီးကျယ်ခမ်းနားနေတဲ့ ထမင်စားပွဲကြီး ဖြစ်နေပါစေ၊ အမျိုးသမီးတဦးမပါရင် မတင့်တယ်ဘူး´ လို့ ဆိုထားတာကိုး။ ထမင်းစားပွဲမှာ အမျိုးသမီးက တပိုတပါး သွားမယ်ဆိုပြီး မတ်တပ်ရပ်လိုက်ရင် အမျိုးသားတွေက လိုက်ထပေးပြီး အမျိုးသမီးပြန်ဝင်လာတဲ့ အခါ မတ်တပ်လေးပြန်ထ၊ အမျိုးသမီးထိုင်မှ ပြန်ထိုင် တာမျိုးတွေလည်း ရုပ်ရှင်တွေထဲမှာ တွေ့ဘူးပါတယ်။
အမျိုးသမီးတွေရဲ့ အခွင့်အရေးကို အမျိုးသမီးတွေက တောင်းဆိုတိုက်ပွဲဝင်ခဲ့ကြသလား။ ဒါမှမဟုတ် အမျိုးသား တွေက ကြည်ကြည်ဖြူဖြူ လိုက်လျောခဲ့တာလားလို့ မေးရင် နှစ်ခုစလုံးလို့ ဖြေရမယ် ထင်ပါတယ်။
အမျိုးသမီးအခွင့်အရေး တိုက်ပွဲဝင်သူတွေရှိနေလို့ပါ။ အဲဒီထဲက တယောက်အကြောင်း စကားစပ်မိလို့ ပြောပြ ပရစေ။ သူက ဒိန်းမတ်သူပါ။ သတင်းထောက်တယောက်လည်း ဖြစ်ပါတယ်။ သူဟာ ဒီနိုင်ငံမှာ အမျိုးသမီး အခွင့်အရေးအတွက် တိုက်ပွဲဝင်နေသူဆိုတဲ့ နာမည်တလုံးနဲ့ နေသူပါ။ သူဟာ အာရပ်နိုင်ငံတွေကိုလည်း ရောက်ဘူးပါတယ်။ အဲဒီမှာ အမျိုးသမီးတွေ အမျိုးသားတွေနဲ့ တန်းတူအခွင့်အရေး မရတာ၊ လမ်းလျှောက်ရင်တောင် အတူတွဲလျှောက်ခွင့်မရပဲ အမျိုးသားရဲ့နောက် ခပ်လှမ်းလှမ်းက လိုက်ရတာတွေကို အပြင်းအထန် ဖေါ်ထုတ်ရေးသား တိုက်ပွဲဝင်နေသူ ဆိုပါတော့။ အီရတ်စစ်ပွဲ နောက်ပိုင်းမှာ ဘဂ္ဂဒက်ကို ရောက်နေတဲ့ ဒိန်းမတ်စစ်သားတွေအကြောင်း ဆောင်းပါးရေးဖို့ သတင်းစာတိုက်က တာဝန်ပေးလို့ အီရတ်ကို သူပြန်ရောက်သွားတဲ့အခါ အခြေအနေတွေက အရင်လို မဟုတ်တော့ပါဘူး။ သူ အီရတ်စစ်ပွဲမတိုင်ခင်က ရောက်ခဲ့ဘူးတဲ့ ဘဂ္ဂဒက်မြို့တော်နဲ့ စစ်ပွဲနောက်ပိုင်းမှာ မြင်ရတဲ့ မြို့အနေအထား လုံးဝ ပြောင်းလဲသွားပါပြီ။ အထူးသဖြင့် ဟိုအရင်က အမျိုးသားတွေရဲ့နောက်က လိုက်ရတဲ့ အာရပ်သူတွေဟာ သူတို့ခင်ပွန်းတွေရဲ့ ရှေ့က လျှောက်နေကြပါပြီ။ အမျိုးသားတွေက အနောက်ဖက် ခပ်လှမ်းလှမ်းကနေပဲ လိုက်ပါတယ်။ အဲဒါကို တွေ့သွားတဲ့ အမျိုးသမီးအခွင့်အရေး လှုပ်ရှားသူ ဒိန်းမတ်အမျိုးသမီး သတင်းထောက်ဟာ လာရင်းကိစ္စကိုတောင်မေ့သွားပြီး ချက်ချင်းပဲ ဘဂ္ဂဒက်သူဆီ အပြေးလေးသွားပြီး သူသိချင်တာတွေ မေးပါတော့တယ်။ `ကျမ ၀မ်းသာလိုက်တာရှင်၊ အရင်ကဆို အမျိုးသားတွေရဲ့ နောက်ကနေ မှ အမျိုးသမီးတွေက လိုက်ရတယ်။ အခုတော့ ရှင်တို့က ရှေ့က လျှောက်နေကြပြီဆိုတော့ ဒါဟာ အမျိုးသမီး အခွင့်အရေး တိုးတက်လာတာပဲ လို့ ကျမတော့ ယူဆတာပဲ။ ဒီလိုအခြေအနေမျိုးတွေ ဖြစ်လာအောင် ဘယ်အရာက တွန်းပို့လိုက်တာလဲဟင်´ လို့ သိချင်ဇောနဲ့ မေးပါတယ်။ ဟိုကအဖြေကိုကြားလိုက်ရတော့ လူ့အ ခွင့်အရေးလှုပ်ရှားသူလည်း စိတ်ဓါတ်လုံးလုံး ကျသွားရပါတယ်။ အာရပ်အမျိုးသမီးပြန်ဖြေသွားတာက `မြေမြုပ်ဗုံးတွေကြောင့်ပါ´ တဲ့။ ။